ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ တပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ အရန်ခုံ ထိုင်ခဲ့ရတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားအနေနဲ့ အသင်းခေါင်းဆောင် ဖြစ်ရုံနဲ့ ပွဲထွက်ခွင့် ရလိမ့်မယ်လို့ မမျှော်လင့်ထားသင့်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီ အစမှာ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ ရယူနိုင်ခြင်း မရှိသေးပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ပွဲ ကစားထားရာ ၁ပွဲနိုင် ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး ရမှတ် ၃မှတ်သာ စုဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Sports Dias

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်က အဖွင့်ပွဲ ၂ပွဲမှာ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ် နှစ်သင်းစလုံးကို ဆက်တိုက် ဆိုသလို ရှုံးနိမ့်ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပြီး ၂ပွဲဆက် ရှုံးနိမ့်မှုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က လီဗာပူးနဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားကို ပွဲထွက် လူစာရင်းကနေ ဖယ်ရှားကာ ဗာရန်းနဲ့ မာတီနက်ဇ်တို့ ခံစစ်အတွဲကို အသုံးပြုခဲ့ကာ လိုအပ်နေတဲ့ ရလဒ်ကောင်းလည်း ရရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ အဲရစ် တန်ဟက်ဂ်က ယခုတပတ်မှာ ယှဉ်ပြိုင် ကစားရမယ့် ဆောက်သမ်တန်နဲ့ ပွဲမှာလည်း မာတီနက်ဇ်နဲ့ ဗာရန်းတို့ အတွဲကိုသာ ဆက်လက် သုံးစွဲဖို့ စီစဉ်နေသလို မက်ဂွိုင်းယားအနေနဲ့ ပွဲထွက်ခွင့် ရချင်ရင် ပိုမို ကြိုးစားရန် လိုအပ်နေကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sports Dias

အဲရစ် တန်ဟက်ဂ်က – “ကျွန်တော်ကတော့ ကစားသမား တယောက်ဟာ အသင်းခေါင်းဆောင် ဖြစ်နေရုံနဲ့ အမြဲတမ်း ပွဲထွက်ခွင့် ရနေမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ အထူးသဖြင့် ဗာရန်းလို ကစားသမားမျိုးက အသင်းရဲ့ လူစာရင်းထဲမှာ ရှိနေရင်ပေါ့။ ကျွန်တော်တို့မှာ အသင်းကို ဦးဆောင်နိုင်တဲ့ ကစားသမား အုပ်စုတခု ရှိပြီး မက်ဂွိုင်းယားဟာ အဲ့ဒီအုပ်စုထဲက ကစားသမား တယောက်ပါ။ ဘရူနိုကလည်း အဲ့ဒီအုပ်စုထဲကပါပဲ။ ဘရူနိုက လီဗာပူးနဲ့ပွဲမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူရင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ သူက အသင်းကို အကောင်းဆုံး ဦးဆောင်ခဲ့သလို ဘောလုံး ရနေတဲ့ အချိန်မှာရော ၊ ဘောလုံးဆုံးရှုံးတဲ့ အချိန်တွေမှာပါ အသင်းအတွက် အားအင်တွေ ယူဆောင်ပေးနိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။