ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်း အတွက် ဒီရာသီမှာ အက်ဖ်အေဖလား တခုထဲသာ ဆုဖလား မျှော်လင့်ချက် အဖြစ် ကျန်တော့ပေမယ့် အခုချိန်ဟာ အက်ဖ်အေဖလားကို ရယူဖို့ စိတ်ကူးယဉ်နေလို့ မရသေးကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ အဲရစ် တန်ဟက်ဂ်က ကာရာဘောင်းဖလားကို အရယူနိုင်ခဲ့သလို အက်ဖ်အေပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အဲရစ် တန်ဟက်ဂ်က ပထမဦးဆုံး ဘောလုံးရာသီမှာတင် ဆုဖလား ၁လုံးနဲ့ ငွေတံဆိပ် ၁ဆု ရယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေက ဒီရာသီအတွက် မျှော်လင့်ချက်တွေ အများကြီး ထားခဲ့ကြပေမယ့် ဒီရာသီမှာ ယူနိုက်တက်က အသင်းရဲ့ အဓိက ကစားသမား အများအပြားကို ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် လက်လွှတ်ခဲ့ရတာတွေ ရှိခဲ့တာကြောင့်ပဲ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ကာရာဘောင်းပြိုင်ပွဲတွေ ကနေ အစောကြီး ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)အတွင်း ဝင်နိုင်ဖို့တောင် မလွယ်ကူတဲ့ အနေအထားဆီ ရောက်နေပြီး ယူနိုက်တက် အတွက် တခုထဲသော ဆုဖလား မျှော်လင့်ချက် အဖြစ် အက်ဖ်အေဖလားပြိုင်ပွဲသာ ကျန်ပါတော့တယ်။

Photo Credit: Goal

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက ပြီးခဲ့တဲ့ရာသီမှာ လက်လွှတ်ခဲ့ရတဲ့ အက်ဖ်အေဖလားကို ဒီရာသီမှာ သိမ်းပိုက်နိုင်ဖို့ မျှော်လင့်နေကြပြီး တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ အခုချိန်မှာ အက်ဖ်အေဖလားကို သိမ်းပိုက်မယ် ဆိုတဲ့ အတွေးမျိုး တွေးလို့ မရသေးကြောင်း ဆိုလာပါတယ်။

တန်ဟက်ဂ်က – “နှစ်ရာသီအတွင်း ဆုဖလား ၂လုံး ရယူဖို့လား။ ကျွန်တော်တို့က အခုချိန်မှာ အဲ့ဒီလို အရာမျိုးကို စိတ်ကူးယဉ်လို့ မရသေးပါဘူး။ ကျွန်တော်တို့က လာမယ့်ပွဲ အတွက်ပဲ စဉ်းစားထားဖို့ လိုပါတယ်။ ကျွန်တော်တို့က လာမယ့်ပွဲ အတွက် (နယူးပို့တ်နဲ့ပွဲ) ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားရပါမယ်။ အခုချိန်က ကျွန်တော်တို့တွေ အက်ဖ်အေပြိုင်ပွဲမှာ ဗိုလ်စွဲရမယ် ဆိုတဲ့ အတွေးမျိုး မတွေးရမယ့် အချိန်ပါ” လို့ ပြောကြားသွားခဲ့တာပါ။