ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ရှရစ်ဖ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရှက်တာဒိုးနက်တို့လို အသင်းတွေကို အနိုင်ရဖူးတဲ့ အသင်း ဖြစ်တာကြောင့် အသင်းသားတွေ အနေနဲ့ ရှရစ်ဖ်ကို အထင်မသေးပဲ အာရုံစူးစိုက်မှု အပြည့်နဲ့ ဆော့ကစားရမယ်လို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲ အဖြစ် ဆိုစီဒက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားတာကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ဆီ တက်ရောက်ချင်ရင် လက်ကျန်ပွဲတွေမှာ အမှားအယွင်းတွေ လုပ်ဆောင်လို့ မရတော့ပါဘူး။

Photo Credit: Mirror

ယနေ့ည ၁၁နာရီ ၁၅မိနစ် အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်က မော်ဒိုဗာ ထိပ်သီးကလပ် ရှရစ်ဖ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ဘောလုံးရေးရာ သုံးသပ်သူတွေက ရှရစ်ဖ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားထဲမှာ လူအင်အား ကွာခြားမှု မြင့်မားတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ရှရစ်ဖ်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ ရှရစ်ဖ်ကို အလွယ်တကူ အနိုင်ယူနိုင်မယ် ဆိုတဲ့ စကားတွေကို ငြင်းဆန် ပယ်ချလိုက်ပြီး ရှရစ်ဖ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရှက်တာဒိုးနက်တို့ကို အနိုင်ယူဖူးတာကြောင့် သူ့ရဲ့ ကစားသမားတွေ အနေနဲ့ ရှရစ်ဖ်ကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားဖို့ လိုအပ်ကြောင်း ပွဲကြို အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

တန်ဟက်ဂ်က – “ကျွန်တော်တို့က ရှရစ်ဖ်ကို သတိထားပြီး ကစားမှပဲ အဆင်ပြေပါလိမ့်မယ်။ သူတို့က ပြီးခဲ့တဲ့နှစ်မှာ ရှက်တာဒိုးနက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကို အနိုင်ယူထားတာပါ။ ဒါကြောင့် သူတို့က ကျွန်တော်တို့ကို အနိုင်ယူနိုင်စွမ်း ရှိပြီးတော့ ကျွန်တော်တို့က ကိုယ့်ရဲ့ ကစားကွက်ကို အကောင်းဆုံး ပုံဖော်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့က ဒီပွဲအတွက် အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ထားရမယ်။ ပြီးတော့ ပွဲကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားဖို့ လိုပါမယ်။ ရှရစ်ဖ်က အသင်းကောင်း တသင်း ဖြစ်တာကြောင့် ကျွန်တော်တို့က အနိုင်ရချင်ရင် အကောင်းဆုံး ကစားနိုင်ရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။