MySport Myanmar

နွေတုန်းက ဝဲလ်ဘတ်ကို အသင်းထံ ပြန်လည် ခေါ်ယူချင်ခဲ့တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူနိုက်တက် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်ကို အသင်းဆီ ပြန်လည် ခေါ်ယူချင်ခဲ့တယ်လို့ The Athletic ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

တန်ဟက်ဂ်ဟာ မန်ယူနိုက်တက် နည်းပြအဖြစ် စတင် တာဝန်ယူခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အဲ့ဒီပွဲမှာ ဘရိုက်တန်ဘက်က ဝဲလ်ဘတ်က အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ရင်း တန်ဟက်ဂ်ရဲ့ ယူနိုက်တက်ဟာလည်း အိမ်ကွင်းမှာ (1-2) နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit : Football365

အဲ့ဒီအချိန်မှာကတည်းက တန်ဟက်ဂ်ဟာ ဝဲလ်ဘတ်ရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျနေခဲ့တာဖြစ်ပြီး ၂၀၂၄ နွေမှာ အသင်းက တိုက်စစ်မှူး အန်တိုနီ မာရှယ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် မာရှယ်နေရာအတွက် ကစားသမားဟောင်း ဝဲလ်ဘတ်နဲ့ အစားထိုးသွားဖို့ အသင်းထံ အလေးအနက် တောင်းဆိုခဲ့ပါသေးတယ်။

တန်ဟက်ဂ်က ဝဲလ်ဘတ်လို အတွေ့အကြုံရှိ ကစားသမားတစ်ဦးကို အသင်းအတွက် ခေါ်ယူလိုက်နိုင်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာမယ်လို့ တွက်ဆခဲ့သလို ယူနိုက်တက်ကလည်း တန်ဟက်ဂ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ယူနိုက်တက်ဘက်က တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ယုတ္ထိပြတ် စိတ်ချရတဲ့ အနေအထား မရှိသေးတာကြောင့် ကမ်းလှမ်းမှုတွေ မပြုလုပ်ခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။

Photo Credit : The New York Times

ဒါ့အပြင် ယူနိုက်တက်က အသက် (၃၃)နှစ်တောင် ရှိနေပြီဖြစ်တဲ့ ဝဲလ်ဘတ်လို အသက်အရွယ် ကြီးမားနေတဲ့ ကစားသမားကို မခေါ်ချင်လိုပဲ သူ့ထက် အသက်များစွာ ငယ်ရွယ်တဲ့ ဂျိုရှုအာ ဇက်ခ်ဇီးကိုသာ ဦးစားပေး ခေါ်ယူသွားခဲ့ပါတယ်။ အသင်းဟောင်းဆီ ပြန်မရောက်လိုက်တဲ့ ဝဲလ်ဘတ်ကတော့ အသင်းဟောင်းနဲ့ ပြန်လည် တွေ့ဆုံတဲ့ အချိန်မှာပါ သွင်းဂိုး သွင်းယူခဲ့သလို လက်ရှိအထိလည်း လိဂ်ဂိုး (၆)ဂိုးပါ သွင်းယူထားပါတယ်။

လက်ရှိမှာတော့ တန်ဟက်ဂ်က ယူနိုက်တက် နည်းပြရာထူးကနေ စွန့်ခွာလိုက်ရပြီဖြစ်ပြီး လတ်တလောမှာ သူရဲ့လက်ထောက် ရုဒ် ဗန် နစ္စတဲလ်ရွိုင်းက ယာယီနည်းပြအဖြစ် တာဝန်ယူလျက် ရှိနေကာ စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အမော်ရင်က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ယူနိုက်တက်နည်းပြသစ် ဖြစ်လာဖို့ ရှိနေပါတယ်။

Exit mobile version