ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ဟာ သူ့ရဲ့ လက်ထောက်နည်းပြရာထူး တနေရာစာ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဝိန်းရွန်းနီကို ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားတဲ့ အဲရစ် တန်ဟက်ဂ်ဟာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ဆိုသလို ကြုံတွေ့နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ကို အစကနေ ပြန်လည် တည်ဆောက်ဖို့ ဆုံးဖြတ်ထားပြီး သူ့ရဲ့ လက်ထောက်နည်းပြ တဦးကိုလည်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ လူတဦးကို ခန့်အပ်ချင်နေပါတယ်။

Photo Credit: Mirror

ကနဦးမှာ အဲရစ် တန်ဟက်ဂ်က ဆာအဲလက်စ် ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြဟောင်း တဦးဖြစ်သူ မက္ကလာရင်ကို လက်ထောက်နည်းပြ အဖြစ် ခန့်အပ်ချင်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့က မက္ကလာရင်ကို သဘောမကျတာကြောင့် ချန်ပီယံရှစ်ကလပ် ဒါဘီရဲ့ နည်းပြချုပ် အဖြစ် လုပ်ကိုင်နေတဲ့ ဝိန်းရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေတာပါ။

The Athleticသတင်းဌာနရဲ့ ပင်တိုင် သတင်းထောက် တဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းထောက် လော်ရီ ဝစ်ဝဲလ်ရဲ့ ဖော်ပြချက်အရ အဲရစ် တန်ဟက်ဂ်က ဝိန်းရွန်းနီကို လက်ထောက်နည်းပြ အဖြစ် လာရောက် လုပ်ကိုင်ဖို့ ကမ်းလှမ်းထားပြီး ဝိန်းရွန်းနီကတော့ တန်ဟက်ဂ်ရဲ့ ကမ်းလှမ်းမှုကို အကြောင်းမပြန်သေးကြောင်း သိရပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ဝိန်းရွန်းနီဟာ ဒါဘီကနေ ထွက်ခွာဖြစ်ပါက နည်းပြချုပ် အဖြစ်သာ လုပ်ကိုင်ချင်နေတာကြောင့် အဲရစ် တန်ဟက်ဂ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ဖွယ် ရှိကြောင်းလည်း ဝစ်ဝဲလ်က သုံးသပ်ထားပါတယ်။

ကဲ ဝိန်းရွန်းနီကို မန်ချက်စတာ ယူနိုက်တက်မှာ မြင်ချင်ကြတဲ့ ပရိသတ်တွေရော ရှိကြလားဗျ…?