ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာမယ့် အဲရစ် တန်ဟက်ဂ်ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်ကို ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတခု ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရရှိအောင် လုပ်ဆောင်ပေးဖို့ စိတ်ကူးရှိကြောင်းနဲ့ သူ့ရဲ့ စိတ်ကူးတွေ အကောင်အထည် ပေါ်လာအောင် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ပရိသတ်တွေကို ကတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ရှိနေစဉ်က ရခဲ့တဲ့ လုပ်ပိုင်ခွင့်တွေ အတိုင်း လုပ်ပိုင်ခွင့် အပြည့် ပေးထားပါတယ်။

 

Photo Credit: Sky Sports

ဒါကြောင့်ပဲ တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူစာရင်း တခုလုံးကို အပြောင်းအလဲ လုပ်ကာ အသင်းကို ရေရှည် စီမံကိန်းတရပ်နဲ့ သွေးသစ်လောင်းဖို့ ဆုံးဖြတ်ထားပြီး လာမယ့် နွေအပြောင်းအရွှေ့မှာ ဆိုရင် တန်ဟက်ဂ်က အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက အနိမ့်ဆုံး ကစားသမား ၁၀ဦးခန့်ကို ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။

တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက် အတွက် ကစားသမားသစ်တွေကို ခေါ်ယူရာမှာလည်း သူ ယုံကြည်စိတ်ချရတဲ့ ကစားသမားတွေကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်ထားသလို မန်ချက်စတာ ယူနိုက်တက်နဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူဖို့က သူ့ရဲ့ အဓိက ရည်မှန်းချက် တခု ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ်က – “ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက်က မန်ချက်စတာ ယူနိုက်တက်ဟာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူနိုင်တဲ့ အသင်းတသင်း ဖြစ်တယ် ဆိုတာကို ပြသနိုင်ဖို့ပါ။ ကျွန်တော်တို့တွေ အေဂျက်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရယူနိုင်ကြောင်း ပြသနိုင်ခဲ့သလိုပေါ့။ မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုး အတွက် ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မဖြစ်မနေ လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။