ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ နော်တင်ဟမ် ဖောရက်စ်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် ၅-၀နဲ့ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ ကာရာဘောင်းဖလားကို အရယူသွားမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပေမယ့် သူက ၆လ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ပြာပုံဘဝ ကနေ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်ရဲ့ အဆင့်၄ နေရာကို သိမ်းပိုက်ထားနိုင်သလို ဖလား ၄လုံး လမ်းကြောင်းပေါ်မှာလည်း ရှိနေခဲ့ပါတယ်။

Photo Credit: Football 365

ကာရာဘောင်းပြိုင်ပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက်က ဆီမီးဖိုင်နယ် နှစ်ကျော့စလုံးမှာ နော်တင်ဟမ် ဖောရက်စ်ကို ခြေစွမ်းအသာ ၊ ဂိုးရလဒ်အသာနဲ့ အနိုင်ရခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က ကာရာဘောင်းဖလား ဗိုလ်လုပွဲ အဖြစ် လာမယ့် ဖေဖော်ဝါရီလ ၂၆ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁နာရီ အချိန်မှာ နယူးကာဆယ်နဲ့ ရင်ဆိုင် ယှဉ်ပြိုင် ရတော့မှာပါ။

နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ရကာ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ဗိုလ်လုပွဲကို ဆုဖလား ရယူဖို့ အတွက်သာ ကစားသွားမယ်လို့ ကြုံးဝါး ပြောဆိုရင်း သူ့ရဲ့ ကစားသမားတွေကို စိတ်ဓာတ် မြှင့်တင်ပေးသွားခဲ့ပါတယ်။

Photo Credit: Football 365

တန်ဟက်ဂ်က – “ကျွန်တော်တို့က ဗိုလ်လုပွဲဆီ ရောက်သွားခဲ့ပေမယ့် ဗိုလ်လုပွဲမတိုင်ခင်မှာ ကစားရမယ့် ပွဲကြီးပွဲကောင်း တချို့ ရှိနေပါသေးတယ်။ ကျွန်တော်တို့က ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့သလို အရမ်းကို ကျေနပ်မိပေမယ့် ကျွန်တော်တို့ကသာ ဗိုလ်လုပွဲမှာ အနိုင်မရခဲ့ရင် ဗိုလ်လုပွဲဆီ တက်နိုင်ခဲ့တာဟာ ဘာမှ အဓိပ္ပါယ် ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ချန်ပီယံပဲ ဖြစ်ချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။