ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က အသင်းကနေ ထွက်ခွာသွားတဲ့ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ နေရာအတွက် အစားထိုး တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စဉ်းစားနေရာ ယခု ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ပေါ်တူဂီ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ရာမို့စ်ကို မျက်စိကျနေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းထောက်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ရာမို့စ်က အထောင်တိုက်စစ်မှူး စစ်စစ် တဦး ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Team Talk

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ရာမို့စ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါ်တူဂီ အတွက် ရွေးချယ်ခံခဲ့ရပြီး ပေါ်တူဂီ အတွက် ပထမဦးဆုံး ပွဲထွက် ပါဝင် ကစားပေးခွင့် ရခဲ့တဲ့ ပေါ်တူဂီနဲ့ ဆွစ်ဇာလန်ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ကာ သူဟာ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟက်ထရစ် သွင်းယူထားနိုင်တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရာမို့စ်က ပေါ်တူဂီနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် တိုက်စစ်မှူး တဦး ခေါ်ယူဖို့ စီစဉ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်က ရာမို့စ်ရဲ့ ခြေစွမ်းကို လေ့လာခဲ့သလို သဘောလည်း ကျနေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းထောက် ဆမ်မြူရယ် လက်ဂ်ဟာ့စ်က ဆိုပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း သူတို့အသင်းဟာ တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေကြောင်း အတည်ပြုထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်က မကြာခင်မှာပဲ ရာမို့စ်အတွက် ကမ်းလှမ်းမှု ပြုလုပ်လာနိုင်ပြီး ဘင်ဖီကာကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် အတွက် ယူရို ၄၀သန်းနဲ့ ၆၀သန်းကြား ပမာဏ တရပ်ကို တောင်းဆိုဖွယ် ရှိပါတယ်။