ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ကောင်းနေပေမယ့် ရာသီကုန်ချိန် အထိ ပွဲတွေ အများကြီး ကစားရဖို့ ကျန်နေသေးတာကြောင့် လာမယ့် ဆောင်းဈေးကွက် အတွင်းမှာ ညာနောက်ခံလူ တဦးကို မဖြစ်မနေ ဝယ်ယူသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ တိုက်စစ်ပိုင်း အတွက် အန်တိုနီ ၊ ကွင်းလယ်ပိုင်း အတွက် အဲရစ်ဆင်နဲ့ ကတ်စ်မဲရိုး ၊ ခံစစ်ပိုင်း အတွက် မာလာစီယာနဲ့ မာတီနက်ဇ် ၊ ဂိုးသမားနေရာ အတွက် ဒူဗရက်ကာ စတဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ပြီး သူတို့အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ အန်တိုနီ ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ မာတီနက်ဇ်တို့ကလည်း အချိန်တို အတွင်းမှာပဲ အသင်းရဲ့ ထောက်တိုင် ကစားသမားတွေ ဖြစ်လာပါတယ်။

Photo Credit: Mirror

ဒါပေမယ့် အဲရစ် တန်ဟက်ဂ်ကတော့ အသင်းရဲ့ လူစာရင်းပိုင်းနဲ့ ပတ်သတ်ပြီး ကျေနပ်အားရမှု မရှိသေးသလို ဒါးလော့နဲ့ ဝမ် ဘစ္စကာတို့ နှစ်ဦး ရှိနေတဲ့ ညာနောက်ခံနေရာမှာလည်း ဘစ္စကာရဲ့ ခြေစွမ်းကို သဘောကျ နှစ်သက်ခြင်း မရှိတာကြောင့် ဒါးလော့ တဦးထဲကိုသာ အဆက်မပြတ် သုံးနေပါတယ်။

တန်ဟက်ဂ်က ပွဲဆက် များလာမှုကြောင့် ဒါးလော့ရဲ့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းလာတာကို သတိထားမိတာကြောင့် မန်ချက်စတာ ယူနိုက်တက် ၁-၀ ဝက်စ်ဟမ်း ပွဲအပြီးမှာပဲ သူတို့အသင်းဟာ ခံစစ်အစွန်နေရာတွေ အတွက် အနည်းဆုံး ကစားသမား ၂ဦးစီ ရှိနေဖို့ လိုအပ်တာကြောင့် ကစားသမားသစ် တဦး (ညာနောက်ခံလူသစ်) ထပ်မံ ခေါ်ယူသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Mirror

တန်ဟက်ဂ်က – “ကျွန်တော်တို့က ခံစစ်အစွန်နေရာတွေမှာ တကယ် ကောင်းတဲ့ အစွန်ခံစစ်မှူး ၂ယောက်စီ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဒီရာသီမှာ ပွဲတွေ အများကြီး ကစားရဖို့ ရှိနေလို့ပါ” ဆိုပြီး ပြောကြားကာ ဆောင်းဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူမယ့် အကြောင်းကို အတည်ပြု ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဘစ္စကာကို ဆောင်းဈေးကွက်မှာပဲ ပြောင်းရွှေ့ကြေး ပေါင်၂၅သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ဘစ္စကာရဲ့ နေရာအတွက် လေဗာကူဆင်ရဲ့ ညာနောက်ခံလူ ဖရင်းပေါင်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပါတယ်။