ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်တိုက်စစ် ကစားသမား မာကိုရူစ်ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားနေကြောင်း နာမည်ကြီး ဂျာမန် သတင်းထောက် ခရစ်ရှန် ဖော့ခ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူစ်က ကမ္ဘာ့အဆင့် ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်ပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းရလေ့ ရှိပါတယ်။

Photo Credit: The Sun

မာကိုရူစ်က ၂၀၁၂ခုနှစ်မှာ မိုချန် ဂလာဘက် ကနေ ဒေါ့မွန်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဒေါ့မွန်ရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ဒေါ့မွန်အတွက် ဆယ်စုနှစ် တစုကြာ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၅၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၁၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒေါ့မွန်ပရိသတ်တွေက မာကိုရူစ်ကို အသင်းရဲ့ ဂန္တဝင် ကစားသမား အဖြစ် သတ်မှတ်ထားသလို မာကိုရူစ်ကလည်း ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဒေါ့မွန် တသင်းထဲ အတွက်သာ ကစားပေးတော့မယ်လို့ မကြာခဏ ပြောလေ့ ရှိပါတယ်။

Photo Credit: The Sun

မာကိုရူစ်က ဒေါ့မွန်အပေါ် သစ္စာရှိသလို ဒေါ့မွန်ကလည်း မာကိုရူစ်ကို အသင်းရဲ့ ထောက်တိုင် ကစားသမား အဖြစ် သတ်မှတ်ထားပေမယ့် ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေက အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့ မာကိုရူစ်ကို စာချုပ်သစ် ထပ်မချုပ်တော့ပဲ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ စဉ်းစားနေပြီး မာကိုရူစ်ကလည်း အသင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်တာကြောင့် အသင်းပြောင်းဖို့ ကြိုးစားနေပါတယ်။

နာမည်ကြီး ဂျာမန်သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ မာကိုရူစ်ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကလည်း မာကိုရူစ်နဲ့ စကားပြောကာ သူ့မှာ မာကိုရူစ်နဲ့ ပတ်သတ်ပြီး တိကျတဲ့ အစီအစဉ်တွေ ရှိကြောင်း ချပြခဲ့ကြောင်း သိရပါတယ်။