လာမယ့် ဘောလုံးရာသီမှ စတင်ကာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို စတင် ကိုင်တွယ်တော့မယ့် နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က အသင်းသစ်ထံ သူ့ရဲ့ တပည့်ဟောင်းတွေ ဖြစ်တဲ့ ဖရန်ကီ ဒီဂျောင်နဲ့ ဒီလစ်တို့ကို ခေါ်ယူဖို့ စိတ်ဆန္ဒ ပြင်းပျနေကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တဲ့ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေသူ ဖြစ်ပြီး သူက ရှိရင်းစွဲ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေထဲက တဝက်ခန့်ကို ရောင်းချကာ အသင်းအတွက် လိုအပ်မယ့် ကစားသမားသစ်တွေကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ အဲရစ် တန်ဟက်ဂ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ကွင်းလယ်လူ နှစ်ဦး ၊ တိုက်စစ်မှူး တဦးနဲ့ ဗဟိုနောက်ခံလူ တဦးတို့ကို မန်ချက်စတာ ယူနိုက်တက်ထံ ခေါ်ယူဖို့ စီစဉ်နေထားပြီး မန်ချက်စတာ ယူနိုက်တက်ဘက်က တန်ဟက်ဂ်ကို အသားတင် အသုံးစရိတ် ပေါင် ၁၂၀သန်း + ကစားသမားတွေကို ရောင်းချရာကနေ ရလာတဲ့ ငွေကြေးတွေကို သုံးစွဲခွင့် ပေးထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက ဖော်ပြထားပါတယ်။

စပိန်နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူဖို့ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်ထားသလို တဖက်မှာလည်း ဂျူဗင်တပ်ကနေ ထွက်ခွာမယ်လို့ တရားဝင် ကြေညာထားတဲ့ ဗဟိုနောက်ခံလူ ဒီလစ်အား ခေါ်ယူဖို့ စတင် ကြိုးပမ်းလာကြောင်း သိရပါတယ်။

Photo Credit: Mirror

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဒီလစ်ဟာ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ အေဂျက်အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားခဲ့တဲ့ ခံစစ်မှူး တဦး ဖြစ်သလို ဒီလစ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂျူဗင်တပ်ကနေ ထွက်ခွာမယ်လို့ တရားဝင် ပြောကြားထားတာကြောင့် တန်ဟက်ဂ်နဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီလစ်ကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်ထားတယ် လို့ နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

ဂျူဗင်တပ်ကတော့ သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ဒီလစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း အလိုရှိနေပြီး မန်ချက်စတာ ယူနိုက်တက်ဘက်က ဒီလစ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း + အပိုဆုကြေး ယူရို ၁၀သန်း (သို့မဟုတ်) ဘိုင်လီ + ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဆိုတဲ့ ကမ်းလှမ်းမှုတွေနဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ အတွင်းသတင်းတွေက ပြောထားပါတယ်။