MySport Myanmar

စတုဂတ်ခံစစ်မှူး ဆိုဆာကို ခေါ်ပေးဖို့ မန်ယူဘုတ်အဖွဲ့ထံ တောင်းဆိုထားတဲ့ တန်ဟက်ဂ်

လာမယ့် ဘောလုံးရာသီမှ စတင်ကာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်သွားမယ့် နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ဟာ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ခေါ်ယူမှု အဖြစ် စတုဂတ် ခံစစ်မှူး ဆိုဆာကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

လက်ရှိအချိန်မှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကို တာဝန်ယူ ကိုင်တွယ်နေတဲ့ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်နဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ကာ အသင်းရဲ့ ကစားသမား အရောင်းအဝယ်နဲ့ ပတ်သတ်ပြီး အဓိက ဆုံးဖြတ်ချက် ချရမယ့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားသူပါ။

Photo Credit: Team Talk

ဒါကြောင့်ပဲ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဘွန်ဒက်လီဂါကလပ် စတုဂတ်နဲ့အတူ တောက်ပနေတဲ့ ခရိုအေးရှား ခံစစ်မှူး ဆိုဆာကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး ဆိုဆာကို ခေါ်ယူပေးဖို့လည်း မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ထံ တောင်းဆိုထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာနက ဆိုပါတယ်။

အသက် ၂၄နှစ် အရွယ် ခရိုအေးရှား လက်ရွေးစင် ဘယ်နောက်ခံလူ ဆိုဆာဟာ လုပ်အားနှုန်း ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ တိကျတဲ့ ဖြတ်တင်ဘော ပေးပို့မှုတွေကြောင့် ဥရောပ အသင်းကြီး တချို့ကလည်း ဆိုဆာကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

Photo Credit: Team Talk

စတုဂတ်ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမား တဦးဖြစ်သူ ဆိုဆာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် သတ်မှတ်ထားပြီး ဆိုဆာက ယခုနှစ် ဘောလုံးရာသီမှာ စတုဂတ်အတွက် ပြိုင်ပွဲစုံ ၂၉ပွဲ ပါဝင် ကစားပေးထားရာ ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်ထားပါတယ်။

Exit mobile version