လက်ရှိအချိန်မှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကို ကိုင်တွယ်နေသလို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတဲ့ နယ်သာလန်နည်းပြ အဲရစ် တန်ဟက်ဂ်ဟာ အသင်းသစ်ဆီ သူ့ရဲ့ တပည့်ရင်း နှစ်ဦး ဖြစ်တဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီနဲ့ နောက်ခံလူ တင်ဘားတို့ နှစ်ဦးစလုံးကို တပါထဲ ခေါ်ဖို့ စိတ်ကူးရှိကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

နယ်သာလန်လူမျိုး နည်းပြတဦး ဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ အေဂျက်ကို နယ်သာလန်ရဲ့ ပြိုင်ဘက်ကင်း အသင်းတသင်း ဖြစ်လာအောင် ပြန်လည် ဦးဆောင်ပေးနိုင်ခဲ့သလို ဒီဂျောင် ၊ ဗန်ဒီဘိခ် ၊ ဇီရက်ဇ်တို့လို လူငယ်ကြယ်ပွင့်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာကြောင့် ဥရောပရဲ့ တက်သစ်စ နည်းပြတွေအနက် စောင့်ကြည့်ချင်စရာ ကောင်းတဲ့ နည်းပြတဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Team Talk

ဒါ့အပြင် အဲရစ် တန်ဟက်ဂ်ဟာ လူငယ် ကစားသမားတွေကို အသုံးပြုပြီး အေဂျက်ကို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လူရိုသေ ရှင်ရိုသေ အသင်းတသင်း ဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့တာကြောင့်ပဲ အသင်းကို ရေရှည်ကိုင်တွယ်နိုင်သလို ဆုဖလား အောင်မြင်မှုတွေလည်း ရယူပေးနိုင်မယ့် နည်းပြတဦးကို ရှာဖွေနေတဲ့ မန်ချက်စတာ ယူနိုက်တက်က သူ့ရဲ့ အရည်အချင်းတွေကို သဘောကျကာ သူ့ကို ၄နှစ် စာချုပ်နဲ့ ခေါ်ယူကာ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခံရပြီးနောက် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ကို အလုံးစုံ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားသလို သူ့ရဲ့ ယုံကြည်စိတ်ချရတဲ့ တပည့်နှစ်ဦး ဖြစ်တဲ့ အန်တိုနီနဲ့ တင်ဘားတို့ကိုလည်း မန်ချက်စတာ ယူနိုက်တက်ဆီ တပါထဲ ခေါ်သွားဖို့ စဉ်းစားနေကြောင်း နာမည်ကြီး နယ်သာလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ DeTelegraf သတင်းဌာနက ဆိုပါတယ်။

Photo Credit: Team Talk

DeTelegraf သတင်းဌာနဟာ မန်ချက်စတာ ယူနိုက်တက်က အဲရစ် တန်ဟက်ဂ်နဲ့ ပိုချက်တီနိုတို့ နှစ်ဦးအနက် တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ကြောင်းကို ပထမဦးဆုံး ဖော်ပြခဲ့တဲ့ သတင်းဌာန တခု ဖြစ်ပြီး DeTelegraf သတင်းဌာနရဲ့ အဆိုအရ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ဆီ အန်တိုနီနဲ့ တင်ဘားတို့ကို ခေါ်ပေးဖို့ တောင်းဆိုထားပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း အန်တိုနီနဲ့ တင်ဘားတို့ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း နီးပါး ပေးချေကာ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်းပါ သိရပါတယ်။