ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ နယ်သာလန်ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ပိုနဲ့ အင်တာမီလန် ညာနောက်ခံလူ ဒမ်ဖရိုင်းတို့ကို ခေါ်ယူဖို့ မျက်စိကျနေသေးကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ပိုနဲ့ အင်တာမီလန် ညာနောက်ခံလူ ဒမ်ဖရိုင်းတို့ဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ အသီးသီး ထွက်ပေါ်ခဲ့ကြသူတွေ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ လက်ကျန်ဘတ်ဂျတ် ယူရို ၁၀၀သန်းကို အန်တိုနီအား ခေါ်ယူရာမှာ အကုန်အစင် အသုံးပြုလိုက်ရတာကြောင့် ဒမ်ဖရိုင်းနဲ့ ဂတ်ပိုတို့အား မခေါ်တော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Express

ဒါပေမယ့် လက်ရှိ မန်ချက်စတာ ယူနိုက်တက်ရဲ့ အားနည်းချက်ဟာ တိုက်စစ်ပိုင်း ဖြစ်နေသလို ညာနောက်ခံ နေရာမှာလည်း အရန် နောက်ခံလူ တဦး ဖြစ်တဲ့ ဝမ် ဘစ္စကာက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ သေချာနေတာကြောင့် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က တိုက်စစ်ပိုင်း အတွက် ဂတ်ပိုနဲ့ ညာနောက်ခံနေရာ အတွက် ဒမ်ဖရိုင်းတို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ပြောပြချက်အရ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က လာမယ့် ဆောင်းရာသီ ဈေးကွက် အတွင်းမှာ တိုက်စစ်ပိုင်း အတွက် တိုက်စစ်မှူး တဦးနဲ့ ညာနောက်ခံလူ တဦးတို့ကို ခေါ်ယူဖို့ စီစဉ်ထားပြီး တိုက်စစ်မှူး အဖြစ် ဂတ်ပိုနဲ့ ညာနောက်ခံလူ အဖြစ် ဒမ်ဖရိုင်းတို့ကို ခေါ်ယူဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Express

ဒါပေမယ့် မန်ချက်စတာ ညနေခင်း သတင်းဌာနကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်မိသားစုဟာ တန်ဟက်ဂ်ကို ဆောင်းရာသီဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး အနည်းငယ်သာ ထုတ်ပေးဖို့ ဆုံးဖြတ်ထားတာကြောင့် တန်ဟက်ဂ်အနေနဲ့ ဂတ်ပိုထက် ဒမ်ဖရိုင်းကိုသာ ခေါ်ယူနိုင်ဖွယ် ရှိပြီး အကယ်၍ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ နောက်ထပ် ကစားသမား တဦး အသင်းကနေ ထွက်ခွာမှသာ ဂတ်ပိုကို ခေါ်ယူနိုင်ဖို့ ရှိနေကြောင်း ဖော်ပြထားပါတယ်။

ဂတ်ပိုနဲ့ ဒမ်ဖရိုင်းတို့ နှစ်ဦးစလုံးကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာကာ တန်ဟက်ဂ်နဲ့အတူ လက်တွဲဖို့ စိတ်ဝင်စားနေကြပြီး တန်ဟက်ဂ်ကတော့ နှစ်ယောက်ထဲက တယောက်ကို ရွေးချယ်ရရင် ဒမ်ဖရိုင်းထက် သူနဲ့ အေးဂျင့်တူတဲ့ ဂတ်ပိုကိုသာ ခေါ်ယူဖွယ် ရှိကြောင်း နယ်သာလန် အခြေစိုက် သတင်းထောက်တွေက ဆိုပါတယ်။