ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ မေဆန်မောင့်နဲ့ နောက်ခံလူ ဗာရန်းတို့ဟာ မကြာခင်မှာပဲ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ ပရိသတ်တွေကို သတင်းကောင်း ပါးလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ချယ်လ်ဆီးကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တဲ့ မေဆန်မောင့်က စပါး ၂-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ၁လနီးပါး အနားယူနေရသူ ဖြစ်ပါတယ်။

Photo Credit: Euro Sports

တဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက် ၃-၂ နော်တင်ဟမ် ဖောရက်စ် ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ၃ပတ် ဝန်းကျင် အနားယူနေရသူ ဖြစ်ပြီး သူ မပါဝင်နိုင်တဲ့ ၂ပွဲစလုံးမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းက သိသိသာသာ ယိုယွင်းနေခဲ့ပါတယ်။

ဗာရန်း မပါတဲ့ ၂ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ပေးဂိုး ၆ဂိုး အထိ ပေးခဲ့ရတာကြောင့် ယူနိုက်တက်ရဲ့ ပရိသတ်တွေက ဗာရန်း တယောက် ဒဏ်ရာကနေ ပြန်လည် သက်သာလာမယ့် နေ့ရက်ကို စောင့်မျှော်နေကြပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ တန်ဟက်ဂ်ကတော့ ဗာရန်းနဲ့ မေဆန်မောင့်တို့ နှစ်ဦးစလုံးဟာ ဒီတပတ်ထဲမှာပဲ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ ဆိုလာပါတယ်။

Photo Credit: 90 Mins

တန်ဟက်ဂ်က – “သူတို့နှစ်ယောက်ထဲက တယောက်ကတော့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲ ကစားဖို့ အချိန်က အတော်လေးကို ကပ်နေပါပြီ။ ကျွန်တော်တို့တွေ ဘန်လေနဲ့ ရင်ဆိုင် ကစားရမယ့် ပွဲစဉ်မှာတော့ သူတို့ ၂ယောက်စလုံး ပြန်လည် ပါဝင်လာပါလိမ့်မယ်။ ဒါကတော့ သေချာသွားပါပြီ” လို့ ပြောကြားရင်း ပရိသတ်တွေကို သတင်းကောင်း ပါးသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲ အဖြစ် ဗုဒ္ဓဟူးနေ့ညမှာ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး ဘန်လေနဲ့ပွဲကိုတော့ စနေနေ့ညမှာ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။