MySport Myanmar

ပေါ်တိုနဲ့ ဖီနာဘာချီကို အဝေးကွင်းမှာ မရှုံးအောင် ကစားနိုင်ခဲ့တယ်လို့ ဆိုလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ယူရိုပါလိဂ်မှာ ပေါ်တို ဖီနာဘာချီတို့လို အသင်းတွေနဲ့ အဝေးကွင်းပွဲကျပ်တွေ သွားရောက် ရင်ဆိုင်ခဲ့ရမှာ သရေရလဒ် ရရှိအောင် မရှုံးအောင် ကစားနိုင်ခဲ့ကြောင်း မီးမောင်းထိုးပြပြီး ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ league phase ပွဲစဉ် (၃)ပွဲအထိ ကစားထားခဲ့ပြီးတဲ့နောက် အဲ့ဒီ(၃)ပွဲလုံးကို နိုင်ပွဲမရသေးဘဲ သရေရလဒ်တွေသာ ယူဆောင်ထားနိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲ့ဒီ (၃)ပွဲလုံးမှာ ယူနိုက်တက်ဟာ ပွဲကို ဦးဆောင်ထားပြီးမှ ချေပဂိုးတွေ ခွင့်ပြုရင်း သရေကျခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Busby Bees

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်မှာ အဆင့်(၈)သာ ရပ်တည်နိုင်ခဲ့ပေမယ့် အက်ဖ်အေဖလား ဖိုင်နယ်မှာတော့ ဒါဘီပြိုင်ဘက် မန်စီးတီးကို အနိုင်ယူပြီး ယူရိုပါလိဂ် ဝင်ခွင့် ရရှိခဲ့တဲ့ ယူနိုက်တက်ဟာ အခုတော့ အယ်လ်ခမာ ပေါ်တို ဖီနာဘာချီအသင်းတွေနဲ့ ဆက်တိုက် ယှဉ်ပြိုင်ထားခဲ့ရာ သရေရလဒ်တွေသာ ထွက်ပေါ်ထားခဲ့ပါတယ်။

ယူရိုပါလိဂ်မှာ နိုင်ပွဲ လုံးဝမရှိသေးတဲ့ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားထားခဲ့တဲ့ ပြိုင်ပွဲစုံ (၇)ပွဲအတွင်းမှာလည်း ဘရန့်ဖို့ဒ် တစ်သင်းတည်းကိုသာ အနိုင်ရထားခဲ့ပြီး အသင်းက ရလဒ်ပိုင်း မတည်ငြိမ်နေသလို အသင်းက ကစားသမား အားလုံးနီးပါးရဲ့ စွမ်းဆောင်ရည်တွေကလည်း တသမတ်တည်း ရှိမနေဘဲ တည်ငြိမ်မှု ကင်းမဲ့နေပါတယ်။

Photo Credit : Goal

ဒါပေမယ့် ယူရိုပါလိဂ် ပွဲစဉ်တွေရဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “ပေါ်တို ဖီနာဘာချ်ီအသင်းတွေနဲ့ အဝေးကွင်းပွဲ ကစားရချိန်မှာ ကျွန်တော်တို့က မရှုံးအောင် ကစားနိုင်ခဲ့ပြီးတော့ ရမှတ် (၂)မှတ် ရယူနိုင်ခဲ့ပါတယ်။ ဒါက ရလဒ်တစ်ခုပါပဲ။ ဒါပေမယ့် အဲ့ဒီပွဲတွေမှာ အနိုင်ရလဒ်ကိုပဲ ရယူသွားချင်ခဲ့တာတော့ သေချာပါတယ်။”

“ဒီပွဲတွေတင်မကဘူး ကစားတဲ့ ပွဲစဉ်တိုင်းကို အနိုင်ယူသွားချင်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်က ယူရိုပါလိဂ်မှာ (၃)ပွဲကစား (၃)မှတ်သာ ရထားသေးပြီး ရဂိုး (၅)ဂိုး ပေးဂိုး (၅)ဂိုးနဲ့ ပလေးအော့ဝန်းကျင်မှာသာ ရပ်တည်လျက် ရှိနေပါတယ်။

Exit mobile version