မနေ့ညက လူတန်တောင်းကို (1-2)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူတို့အသင်းအနေနဲ့ ပိုမို ပြတ်သားတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့သင့်ပြီး တိုက်စစ်ကလည်း (၅)ဂိုးလောက်အထိ သွင်းယူနိုင်ခဲ့သင့်တယ်လို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လူတန် နဲ့ မန်ယူနိုက်တက်တို့ ပွဲစဉ်အတွင်း တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းရဲ့ ပွဲအစပိုင်း သွင်းဂိုးတွေနဲ့ ယူနိုက်တက်က စောစောစီးစီး ဦးဆောင်ခဲ့ရပေမယ့် လူတန်ဘက်က ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သလို ဒုတိယပိုင်းမှာ ယူနိုက်တက်က ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ (1-2) နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Yahoo Sports

ယူနိုက်တက်အသင်းက ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ဂိုးထပ်မံ ရရှိနိုင်မယ့် အခွင့်အရေးတွေ ရှိခဲ့ပေမယ့်လည်း ဂါနာချို ဖာနန်ဒက်စ်တို့က အသုံးမချနိုင်ခဲ့လို့သာ ပထမပိုင်းရလဒ်နဲ့ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “ကျွန်တော်တို့တွေ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးမချနိုင်ခဲ့ဘူး။ ကျွန်တော်တို့ဘက်က ဒီထက်မက သွင်းဂိုးတွေ ထပ်မံ သွင်းယူနိုင်ခဲ့သင့်တယ်လို့ ထင်မိပါတယ်။ ဒီနေ့ပွဲမှာ (၅)ဂိုးလောက်အထိ အလွယ်တကူ သွင်းယူနိုင်ခဲ့သင့်ပါတယ်။”

Photo Credit : Tribuna

“(၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ချိန်မှာ ဟွိုင်လန်း နဲ့ ဂါနာချိုတို့အတွက်လည်း အခွင့်အရေးကောင်းတွေ ရခဲ့ပါသေးတယ်။ ကျွန်တော်တို့တွေက ကြီးမားတဲ့ အခွင့်အရေးတွေ ရရှိခဲ့ပြီးတော့ ဂိုးတွေလည်း သွင်းယူနိုင်ခဲ့သင့်ပါတယ်။ အဆုံးသတ်ပိုကောင်းဖို့လည်း လိုအပ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ၂၀၂၄ခုနှစ်အတွင်း ပြိုင်ပွဲစုံ လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း (၄)ပွဲဆက်တိုက်အထိ နိုင်ပွဲ ရယူထားခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ပါ ပြန်လည် နီးကပ်လာခဲ့ရသလို အက်စတွန် ဗီလာနဲ့လည်း (၅)မှတ်သာ ကွာဟနေပါတော့တယ်။