မနေ့ညက အန်ဖီးလ်မှာ အိမ်ရှင် လီဗာပူးလ်အသင်းကို (၇)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အရှုံးပေးခဲ့ရတဲ့ ပွဲစဉ်အပြီး မန်ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဂ်က ဒုတိယပိုင်း ပွဲကစားချိန်မှာ သူ့အသင်းက အပျော်တန်းဆန်သွားခဲ့တယ်လို့ ပြစ်တင် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ဒီရှံးပွဲနဲ့ ပတ်သတ်ပြီး တန်ဟက်ဂ်က “ဒုတိယပိုင်းမှာက အပျော်တန်းဆန်သွားတယ်။ ဒီလို မဖြစ်ရပါဘူး။ ဒါက မန်ချက်စတာယူနိုက်တက် မဟုတ်ဘူး။ ကျွန်တော်တို့ ဒီကိစ္စကို ပြောရပါမယ်။ ကျွန်တော်တို့ ပြန်လည် ပြောင်းလဲရပါမယ်။ အရင်ကလည်း ကျွန်တော်တို့ အကြိမ်ပေါင်း ပြန်လာနိုင်ခဲ့သလို ရလဒ်ကောင်းတွေနဲ့ ပြန်လာရပါလိမ့်မယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေနဲ့ လတွေမှာ ဒီအဖွဲ့က ပြန်လည် တိုးတတ်မှုတွေ အနိုင်ရလိုစိတ်တွေ ရှိနေရာကနေ အခုပွဲ ဒုတိယပိုင်းမှာ အနိုင်ရလိုစိတ် လုံးဝ ရှိမနေတော့တာကို ကျွန်တော် အံ့သြမိတယ်”

Photo Credit : Twitter

“ကျွန်တော်တို့ အချင်းချင်း တညီတညွတ်တည်း လုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ ကျွန်တော်တို့တွေ မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော့်အတွက်တော့ ပရော်ဖက်ရှင်နယ်မဆန်သလိုပဲ မြင်မိတယ်။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်။ ဒီ့အတွက် တကယ်ကို စိတ်ပျက်ပြီး ဒေါသထွက်မိတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကိုလည်း စိတ်ပျက်ရစေတယ်။ အသင်းတစ်သင်းအနေနဲ့ ဒါမျိုးကို ခွင့်မပြုသင့်ပါဘူး။ ကျွန်တော်ရဲ့ ထင်မြင်ချက်တွေကို ကစားသမားတွေဆီ ပြောပြခဲ့တယ်။ အဆင်မပြေမှုတွေ ရှိနိုင်ပေမဲ့ အတူ ညီညီညွတ်ညွတ်နဲ့ ကိုယ့်အလုပ်ကို လုပ်ဆောင်ရမှာ။ ဒါက ကစားသမား တစ်ဦး နှစ်ဦးကို ဆိုလိုတာ မဟုတ်ဘူး။ တစ်သင်းလုံးကို ပြောချင်တာ။ ကစားသမား(၁၁)ယောက်လုံးက ဦးနှောက်မဲ့နေသလို ကစားသွားတာကို မြင်လိုက်ရတယ်။ ကစားရမဲ့ အစီအစဉ်အတိုင်းလည်း ရှိမနေခဲ့ဘူး။ တကယ်ကို ပရော်ဖက်ရှင်နယ် မဆန်ဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း top-six အသင်းတွေနဲ့ အဝေးကွင်း ယှဉ်ပြိုင်ရချိန်မှာ မန်စီးတီးကို (6-3) ချဲလ်ဆီးကို (1-1) အာဆင်နယ်ကို (3-2) နဲ့ လီဗာပူးလ်ကို (7-0) နဲ့ ရှုံးနိမ့်ခဲ့ပြီး စပါး တစ်သင်းတည်းနဲ့သာ ကစားဖို့ ကျန်ရှိနေပါတော့တယ်။