ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ အဖွင့်ပွဲ ၂ပွဲမှာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို ပွဲထွက် လူစာရင်းကနေ ထုတ်ပယ်ကာ မက်ဂွိုင်းယားရဲ့ နေရာမှာ နောက်ထပ် ဗဟိုခံစစ်မှူး တဦး ဖြစ်သူ ဗာရန်းကို သုံးစွဲဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းထောက် လော်ရီ ဝှိုက်ဝဲလ်က ဖော်ပြသွားခဲ့ပါတယ်။

ယခု နွေရာသီ အပြောင်းအရွှေ့မှာမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာတဲ့ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်နဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပြီး သူဟာ အေဂျက်ကို ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကိုလည်း ပြောင်းလဲနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ရာသီသစ် စတင်ချိန်မှာတော့ တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ရလဒ်ကောင်းတွေ ရယူနိုင်ခြင်း မရှိသလို ကစားခဲ့တဲ့ နှစ်ပွဲစလုံးမှာလည်း ကစားပုံတွေ အတော်လေးကို ဆိုးရွားနေခဲ့ပြီး အထူးသဖြင့် ဘရန့်ဖို့ဒ်ကို ၄ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာဆိုရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းဟာ အမှားအယွင်း များစွာကို ပြုလုပ်မိခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုညမှာ ယှဉ်ပြိုင် ကစားရမယ့် လီဗာပူးနဲ့ အင်္ဂလန်ဒါဘီပွဲမှာ ခံစစ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ဖို့ စဉ်းစားနေပြီး တန်ဟက်ဂ်က ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားအား ပွဲထွက်လူစာရင်း ကနေ ထုတ်ပယ်ကာ ဗာရန်းနဲ့ မာတီနက်ဇ် အတွဲကို သုံးစွဲဖို့ စီစဉ်နေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် ဖြစ်သူ လော်ရီ ဝှိုက်ဝဲလ်ရဲ့ ဖော်ပြချက်အရ အဲရစ် တန်ဟက်ဂ်က ယခုတပတ် လေ့ကျင့်ရေး အစီအစဉ်တွေမှာ ဗာရန်းနဲ့ မာတီနက်ဇ်တို့ နှစ်ဦးကို အတူတကွ တွဲဖက် ကစားခိုင်းခဲ့ပြီး သူတို့နှစ်ဦးရဲ့ အတွဲအဖက်ကို သဘောကျတာကြောင့် ယခုညမှာ ယှဉ်ပြိုင် ကစားမယ့် လီဗာပူးနဲ့ ပွဲစဉ်မှာလည်း သူတို့အတွဲကိုပဲ ပွဲထွက်ခိုင်းဖို့ အလားအလာ များပြားနေကြောင်း သိရပါတယ်။