ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ ယခုနှစ် ဘောလုံးရာသီ အစကမှ ရီးရဲလ်မက်ဒရစ် ကနေ သူတို့အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးရဲ့ ခြေစွမ်းကောင်းတွေ အတွက် ကျေနပ်မိသလို ရီးရဲလ်မက်ဒရစ်က ကတ်စ်မဲရိုးကို သူတို့ဆီ ရောင်းချပေးလို့ ပျော်ရွှင်ခဲ့ရကြောင်း ဆိုလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ကာရစ်ကို ဆုံးရှုံးခဲ့ရပြီးနောက် ကွင်းလယ်ခံစစ်နေရာကို အင်အားဖြည့်တင်းခြင်း မရှိတော့ပဲ တန်ဟက်ဂ်ရဲ့ လက်ထက်ကို ရောက်မှသာ ကွင်းလယ်ခံစစ် အတွက် ကတ်စ်မဲရိုးကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်က အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုး အတွက် ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း အထိ ပေးချေခဲ့ရသလို ကတ်စ်မဲရိုးကိုလည်း ၅နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

အစပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ကတ်စ်မဲရိုးတို့ရဲ့ အပြောင်းအရွှေ့ အပေါ် ဝေဖန်သံ တချို့ ထွက်ပေါ်ခဲ့ပေမယ့် ကတ်စ်မဲရိုး တယောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ချိန်မှာတော့ ဝေဖန်သံတွေ တိတ်ဆိတ်သွားခဲ့သလို မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကလည်း သူတို့အသင်းဟာ ကတ်စ်မဲရိုးကို သေချာ လေ့လာပြီးမှ ဝယ်ယူခဲ့တာ ဖြစ်ကာ ကတ်စ်မဲရိုးကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် အတော်လေး ဝမ်းသာမိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Metro

တန်ဟက်ဂ်က – “ရီးရဲလ်မက်ဒရစ်က ကတ်စ်မဲရိုးကို ကျွန်တော်တို့ဆီ ရောင်းချပေးခဲ့လို့ ပျော်ရပါတယ်။ ခင်ဗျားတို့တွေလည်း သူက မှော်ဆန်တဲ့ ကစားသမား တယောက် ဆိုတာကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သေချာလေး မြင်တွေ့ခဲ့ရမယ်လို့ ထင်ပါတယ်။ ဘောလုံးရာသီ မစခင်မှာပဲ ကျွန်တော်က အသင်းဟာ နံပါတ်၆ ကစားသမား တယောက်ကို မဖြစ်မနေ ခေါ်ရမယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့က ဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ရပြီး နောက်ဆုံးမှာတော့ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက်ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့တဲ့ ကစားသမားပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကတ်စ်မဲရိုးက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။