MySport Myanmar

တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ချင်ရင် လျော်ကြေး များစွာ ပေးရမယ့် ယူနိုက်တက်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကို စာချုပ်သက်တမ်း မကုန်ခင်မှာ ရာထူးကနေ ထုတ်ပယ်ချင်ရင် များပြားလှတဲ့ လျော်ကြေးငွေကို ပေးချေရဖို့ ရှိနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၅၄နှစ် အရွယ် နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အစမှာ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ကို တာဝန်ယူ ကိုင်တွယ်ပြီးနောက် သူ့ရဲ့ ပထမဦးဆုံးရာသီမှာ ယူနိုက်တက်ကို ကာရာဘောင်း ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို အက်ဖ်အေဖလား ဗိုလ်လုပွဲဆီကို ပို့ဆောင်ပေးနိုင်ခဲ့ကာ သူ့ရဲ့အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၃)နေရာကိုလည်း သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

တန်ဟက်ဂ်က ပထမရာသီမှာ အောင်မြင်မှုတွေ တပွေ့တပိုက် ရယူနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့ ယူနိုက်တက်က ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ကာရာဘောင်းပြိုင်ပွဲတွေ ကနေ အစောကြီး ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄) အတွင်း ဝင်နိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Football Transfer

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဖြစ်တဲ့ INEOSက မကြာခင်မှာ နည်းပြအပြောင်းအလဲ လုပ်တော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sportsက ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင် လျော်ကြေး ဘယ်လောက် ပေးရမလဲ ဆိုတာ အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

Times Sportsရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ကို စာချုပ်သက်တမ်း မကုန်ခင်မှာ ရာထူးကနေ ထုတ်ပယ်ဖြစ်ရင် လျော်ကြေးအဖြစ် ပေါင် ၁၀သန်း အထိ ပေးရမှာ ဖြစ်ပြီး များပြားလှတဲ့ လျော်ကြေးငွေ ပမာဏကြောင့် ယူနိုက်တက်က တန်ဟက်ဂ်ကို နောက်ထပ်တရာသီ နည်းပြအဖြစ် ဆက်ခန့်ထားနိုင်ကြောင်း သိရှိရပါတယ်။

Exit mobile version