MySport Myanmar

ရပ်ရှ်ဖို့ဒ်ကို မန်ယူအသင်းမှာပဲ ဆက်လက် ရှိနေသွားဖို့ တန်ဟက်ဂ် တိုက်တွန်း

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို အသင်း အပြောင်းအလဲ လုပ်ဆောင်ခြင်းထက် ယူနိုက်တက်အသင်းမှာပဲ ဆက်လက် ရှိနေသွားဖို့ တိုက်တွန်း ပြောဆိုထားခဲ့သလို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ကိုလည်း ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

Photo Credit : Yahoo! Sport UK

လတ်တလောမှာ လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လို့နေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူရဲ့လက်ရှိကလပ် ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်သလို လာမယ့် ဇန်နဝါရီလမှာပဲ ပြည်ပ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေကိုပါ ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ ရပ်ရှ်ဖို့ဒ်တို့ကြားမှာ စာချုပ်တစ်နှစ် ထပ်တိုးခွင့်ကို ထည့်သွင်းထားတာကြောင့် ယူနိုက်တက်ဘက်က ရပ်ရှ်ဖို့ဒ်ကို ၂၀၂၄ခုနှစ်အထိ ဆက်လက် ထားရှိနိုင်မှာ ဖြစ်သလို နောက်ထပ် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့က အသေအချာ စီစဉ်လျက် ရှိနေပါတယ်။

Photo Credit : Manchester Evening News

နည်းပြတန်ဟက်ဂ် လက်အောက်မှာ ကစားပုံ တိုးတတ်မှုတွေ ရှိလာခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ကို တန်ဟက်ဂ်က အသင်းမှာပဲ ဆက်လက်ရှိနေချင်ကြောင်း အခုလို ပြောပြလာခဲ့ပါတယ်။ “ပထမဦးဆုံး အခိုက်အတန့်မှာကတည်းက ကြီးမားတဲ့ အလားအလာကောင်းတစ်ခုကို သတိထားမိတယ်။ မားကပ်စ်က defensive line ရဲ့ အနောက်မှာ ရှိနေတဲ့အချိန် သူ့ကို တားဆီးဖို့က ခက်ခဲပါတယ်။ အဲ့ဒီနေရာအတွက် ကမ္ဘာပေါ်က ပိုကောင်းတဲ့ ကစားသမားဆိုတာ မရှိသလောက်ပါပဲ။ လက်ရှိဆိုရင်တော့ ဘာပေပေါ့လေ။ ဒါပေမယ့် မားကပ်စ်လည်း အဲ့ဒီနေရာက ရလာတဲ့အခါ သူ အရမ်းကောင်းမွန်လာပြီး တိုးတတ်မှုတွေ ရှိလာခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာ ပီအက်စ်ဂျီအသင်းဥက္ကဌ အယ်လ်ခါလိုင်ဖီကိုယ်တိုင် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြောင်း ထုတ်ဖော် ပြောကြားထားခဲ့သလို အနာဂတ် မရေမရာဖြစ်နေတဲ့ ဘာပေရဲ့နေရာမှာပါ ရပ်ရှ်ဖို့ဒ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတာတွေကြောင့် ရပ်ရှ်ဖို့ဒ်အနာဂတ် အခြေအနေက လှုပ်ခတ်လာခဲ့ရပေမယ့်လည်း နည်းပြတန်ဟက်ဂ်ကတော့ ရပ်ရှ်ဖို့ဒ်ကို ယူနိုက်တက်မှာပဲ ဆက်လက် ရှိနေနိုင်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ယူနိုက်တက်ကသာ ရပ်ရှ်ဖို့ဒ်အတွက် ပိုကောင်းမွန်တဲ့အသင်း ဖြစ်တယ်ဆိုတာကို ပြသသွားရမယ်လို့ ပြောဆိုထားခဲ့ပါတယ်။

Exit mobile version