မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က အသင်းသားတွေအနေနဲ့ အားလုံး စည်းစည်းလုံးလုံး ရှိနေဖို့ လိုအပ်ပြီး အသင်းအတွက် အကောင်းဆုံး ပုံစံနဲ့ တိုက်ပွဲဝင်သွားရမယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားထားခဲ့တဲ့ ပြိုင်ပွဲစုံ (၅)ပွဲအတွင်း (၄)ပွဲအထိကို ရှုံးနိမ့်ထားခဲ့ရပြီး နောက်ဆုံး (၃)ပွဲဆက် အရေးနိမ့်မှုမှာလည်း ခံစစ်က တစ်ပွဲကို အနည်းဆုံး (၃)ဂိုးလောက်အထိ ခွင့်ပြုထားခဲ့ရပါတယ်။

Photo Credit : Football365

ပရီးမီးယားလိဂ်မှာလည်း (၅)ပွဲကစား (၃)ပွဲထိ ရှံးထားသလို အာဆင်နယ် နဲ့ ဘရိုက်တန်တို့ကိုလည်း (၂)ပွဲဆက်တိုက်ထိ အရေးနိမ့်ထားရာ တကယ်လို့ ဘန်လေကိုသာ ထပ်ပြီး ရှံးခဲ့မယ်ဆိုရင် ၂၀၁၅ နည်းပြဟောင်း ဗန်ဟားလ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက် ရှုံးပွဲနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး အသင်းကို စီမံခန့်ခွဲဖို့ ခက်ခဲလားလို့ မေးမြန်းလာခဲ့ရာ တန်ဟက်ဂ်က “No ပါ။ ဒါက ကျွန်တော့်အတွက် ဒုတိယမြောက် ရာသီပါ။ ဘယ်အရာမှတော့ အမြဲတမ်း ပုံသေ ရှိမနေပါဘူး။ ကွာဟချက်တွေ ရှိပါတယ်။ ဒါပေမယ့် တတ်နိုင်သမျှ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံးလေး ရှိနေမယ်ဆိုရင်တော့ ပိုပြီးအားကောင်းလာပါလိမ့်မယ်။

Photo Credit : TEAMtalk

“ဒါက ကျွန်တော် လုပ်ဆောင်နေတဲ့ အရာတွေပါ။ ယူနိုက်တက်မှာ ရှိတဲ့ သူတွေအားလုံးက တစုတစည်းတည်း တိုက်ပွဲဝင်နေကြသူတွေပါပဲ။ ယူနိုက်တက်မှာဆိုရင် ပွဲတိုင်းကို အနိုင်ကစားဖို့ လိုပါတယ်။ ဒါက ဘာမှ မပြောင်းလဲပါဘူး။”

“ပရီးမီးယားလိဂ်မှာလည်း လွယ်ကူတဲ့ ပွဲဆိုတာ မရှိပါဘူး။ ဘန်လေနဲ့ ကစားရမယ့် ပွဲကလည်း ခက်ခဲနေဦးမှာပါ။ သူတို့ ကစားပုံ ဘယ်လောက် ပြင်းထန် ကောင်းမွန်တယ်ဆိုတာ ပွဲတစ်ပွဲကို ဘယ်လို ချဉ်းကပ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ရဲ့ ကစားပုံဟန်ပန် နဲ့ ပွဲချဉ်းကပ်မှုတွေကို သဘောကျစရာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့ လိုပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။