ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယနေ့ညနေ ၄နာရီခွဲ အချိန်မှာ လိဂ်ပြိုင်ဘက် ခရစ္စတယ် ပဲလေ့စ်နဲ့ ရာသီကြို ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ မာရှယ် ၊ ရက်ဖို့ဒ်နဲ့ ဆန်ချိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ထပ်မံ ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာပဲ နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ထားပြီး တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းလိုက် ကစားဟန်ဟာ အတော်လေး တိုးတက် ကောင်းမွန်ခဲ့သလို ပဲလေ့စ်နဲ့ ပွဲစဉ်မတိုင်မီ ရာသီကြို ခြေစမ်းပွဲတွေ အဖြစ် လီဗာပူး ၊ မဲလ်ဘုန်းတို့နဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၄-၀ ၊ ၄-၁ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။

Photo Credit: Mirror

ယနေ့ညနေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက်က ခရစ္စတယ် ပဲလေ့စ်ကို ကစားကွက်ပိုင်းအရ အသာစီး ကစားသွားနိုင်သလို ရရှိခဲ့တဲ့ သွင်းဂိုး ၃ဂိုးစလုံးကလည်း ကစားသမားတွေရဲ့ တကိုယ်တော် ခြေစွမ်းတွေကြောင့် ရရှိခဲ့တာ မဟုတ်ပဲ အသင်းလိုက် ကစားဟန်ကနေ တဆင့် ရရှိခဲ့တဲ့ သွင်းဂိုးတွေ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက အသင်းရဲ့ ကစားဟန်ဟာ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ အရမ်းကို တိုးတက်လာကြောင်း ချီးမွမ်းခန်း ဖွင့်နေကြပြီး အဲရစ် တန်ဟက်ဂ်ကတော့ ဒီနေ့ပွဲမှာ ရခဲ့တဲ့ သွင်းဂိုးတွေထဲမှာ လှပတဲ့ သွင်းဂိုးတွေ ပါဝင်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံမှာ လိုအပ်ချက်တွေ ရှိနေသေးကြောင်း ပွဲအပြီးမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

တန်ဟက်ဂ်က – “အခုမှ ရာသီကြိုကာလပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က တိုးတက်မှုတွေကို မြင်တွေ့နေရလို့ ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာ တိုးတက်ရမယ့် အချက်တွေ အများကြီး ကျန်နေသေးတာကို ခင်ဗျားတို့လည်း မြင်ကြပါလိမ့်မယ်။ ကျွန်တော်တို့တွေ ကောင်းကောင်း ကစားနိုင်ဖို့ ဆိုရင် တသင်းလုံးက အတွဲညီနေရပါမယ်။ ကျွန်တော်က တချိန်လုံး ၊ တပွဲလုံး ပြိုင်ဘက်အသင်း အပေါ် ဖိအားပေး ကစားတာကိုပဲ မြင်ချင်သူပါ။ ဒါကြောင့် ကျွန်တော်တို့က တချိန်လုံး ပြိုင်ဘက်တွေကို ဖိအားပေးနေရပါမယ်။ တကယ်လို့ ကျွန်တော်တို့သာ ပြိုင်ဘက်တွေကို ဖိအားမပေးရင် သူတို့က Low Blockတွေ သုံးပြီး ကျွန်တော်တို့ရဲ့ တိုက်စစ် ကစားပုံကို အနှောင့်အယှက် ပေးပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့က အသင်းလိုက် ပုံစံမျိုးနဲ့ ပြိုင်ဘက်ကို ဖိအားပေးရပါမယ်။ ပြီးတော့ ဘယ်အချိန်မှာ ဖိအားပေးရမလဲ ဆိုတာကိုပါ ကောင်းကောင်း နားလည်ဖို့ လိုအပ်နေပါသေးတယ်။ ဥပမာ ပြောပြရရင် တဖက်အသင်းက ကစားပုံ အပြောင်းအလဲ လုပ်တဲ့ အချိန်မျိုးမှာဆိုရင် ကျွန်တော်တို့ကလည်း ဖိအားပေးပုံကို ပြောင်းလဲနိုင်ရပါမယ်။ ကျွန်တော်တို့က ပိုကောင်းတဲ့ ဖိအားပေး ကစားဟန်မျိုး ရဖို့ အလုပ်ကြိုးစားရပါဦးမယ်” လို့ ပြောပြသွားခဲ့တာပါ။