မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က ကစားသမားသစ် အမ်မရာဘတ် ၊ သူနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေရတဲ့ ဂျေဒန် ဆန်ချို ၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရလို့ ဖြေရှင်းနေရတဲ့ အန်တိုနီတို့ရဲ့ အကြောင်းတွေကို သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ဒီကနေ့မှာပဲ ပရီးမီးယားလိဂ် အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဘရိုက်တန်အသင်းကို အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ဧည့်ခံ ကစားသွားရမှာဖြစ်ပြီး အန်တိုနီ ဆန်ချို နဲ့ ကစားသမားသစ် အမ်မရာဘတ်တို့ဟာလည်း ဒီပွဲကို လွဲချော်ရမယ့် ကစားသမားစာရင်းထဲမှာ ပါဝင်လို့နေပါတယ်။

Photo Credit : Manchester Evening News

“အန်တိုနီ ဘယ်တော့ ပြန်လာနိုင်မလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သူလည်း စိတ်ပျက်နေမှာ သေချာပါတယ်။ ဒါပေမယ့် သူ အဆင်ပြေနေပါတယ်။” လို့ အန်တိုနီနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ဆန်ချိုအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း တန်ဟက်ဂ်က “ဒါနဲ့ ပတ်သက်ပြီး အားလုံး သိပြီးသား ဖြစ်မှာပါ။ ဘာမှတ်ချက်မှ မပေးချင်ပါဘူး။ အသင်းရဲ့ ကစားသမားစာရင်းကလည်း တောင့်တင်းပါတယ်။ စိတ်ပိုင်းဆိုင်ရာအရဆိုရင်လည်း အကောင်းဆုံး အခြေအနေမှာ ရှိပါတယ်။ လာမယ့် ပွဲတွေအတွက် အဆင့်သင့်ပါပဲ။” လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

Photo Credit : Youtube

ဒါ့အပြင် မကြာသေးခင်ကမှ အသင်းနဲ့ စတင် ပူးပေါင်းဖြစ်ခဲ့တဲ့ ကစားသမားသစ် မော်ရိုကို ကွင်းလယ်လူ အမ်မရာဘတ်ရဲ့ အခြေအနေကိုလည်း တန်ဟက်ဂ်က “အမ်မရာဘတ်က ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာနဲ့အတူ ပြန်ရောက်လာခဲ့တယ်။”

“ဒါကြောင့် သူက စနေနေ့ပွဲစဉ်အတွက် ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မကြာခင်မှာပဲ အသင်းအတွက် ကစားပေးနိုင်တော့မယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ပြောဆိုခဲ့ရာ လာမယ့် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှသာ ပါဝင်ရနိုင်ပါတယ်။