ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗယ်လက်ကာနိုနဲ့ ပွဲစဉ်မှာ ပါဝင် ကစားခဲ့ပေမယ် ပွဲမပြီးသေးခင် ကွင်းထဲကနေ ထွက်သွားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ယခု နွေရာသီ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံခဲ့သလို အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်မှာလည်း လိုက်ပါခြင်း မရှိပဲ အသင်းနဲ့ နောက်ကျမှသာ ပူးပေါင်းခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Goal

သူ့ရဲ့ လုပ်ရပ်တွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဗယ်လက်ကာနိုနဲ့ ပွဲစဉ်မှာ ရိုနယ်ဒိုကို အသင်းအတွက် ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့်ပေးခဲ့ပေမယ့် အသင်းခေါင်းဆောင် အဖြစ် တာဝန်မယူခိုင်းခဲ့ရသလို ပထမပိုင်း ပွဲကစားချိန် အပြီးမှာပဲ လူငယ်ကြယ်ပွင့် ဒီယာလိုနဲ့ လူစားလဲခံပါတယ်။

ပထမပိုင်း ပွဲကစားချိန် အပြီးမှာပဲ လူစားလဲခံခဲ့ရတဲ့ ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့ ဗယ်လက်ကာနိုတို့ ပွဲစဉ် မပြီးခင်မှာပဲ ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ပြီး အဆိုပါ ထွက်ခွာမှု အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြအဖွဲ့ဝင်တွေကို အသိပေး အကြောင်းကြားခဲ့ခြင်း မရှိပါဘူး။

Photo Credit: Goal

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ရိုနယ်ဒိုရဲ့ လုပ်ရပ်အပေါ် အတော်လေး ဒေါသထွက်နေပြီး ရိုနယ်ဒိုရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်တခု ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့သလို ရိုနယ်ဒိုကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ဖို့ အထိပါ စဉ်းစားနေပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်က ရိုနယ်ဒိုကို ပွဲမပြီးသေးခင် ကွင်းထဲကနေ ထွက်သွားဖို့ ခွင့်မပြုခဲ့ပါဘူး။ ဘယ်သူ့ကိုမှလည်း အဲ့လိုမျိုး ခွင့်မပြုခဲ့ဖူးပါဘူး။ ပြီးတော့ ကျွန်တော်က ကစားသမားတွေကို ဒီလိုမျိုး လုပ်ရပ်ဟာ လက်ခံနိုင်စရာ လုပ်ရပ်တခု မဟုတ်တဲ့ အကြောင်းကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့က အသင်းတသင်းပါ။ ဒါကြောင့် ကစားသမား တယောက် ဖြစ်နေရင် ပွဲပြီးဆုံးတဲ့ အထိ သေချာပေါက် ရှိနေရပါမယ်” လို့ ရိုနယ်ဒိုကို အပြစ်တင် ဝေဖန်သွားခဲ့တာပါ။