ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၀ စပါး ပွဲစဉ်မှာ လူစားဝင် ကစားဖို့ ငြင်းဆန်ခဲ့သလို ပွဲမပြီးခင်မှာပဲ ကွင်းထဲကနေ ထွက်ကာ အိမ်ပြန်သွားခဲ့တာကြောင့် အပြစ်ပေးခံထားရတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို လာမယ့် ကြားရက်မှာ ကစားမယ့် ရှရစ်ဖ်နဲ့ ပွဲစဉ်မှာ ပြန်လည် အသုံးပြုသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုနဲ့ ပွဲချိန်ပြည့် မကစားနိုင်မှုတို့ကြောင့်ပဲ အဲရစ် တန်ဟက်ဂ်က ရိုနယ်ဒိုကို ပွဲကြီးတွေမှာ ပွဲထွက် ကစားသမား အဖြစ် သုံးတာထက် အရန် ကစားသမား အဖြစ်သာ သုံးစွဲခဲ့ပါတယ်။

Photo Credit: ESPN

ရိုနယ်ဒိုကတော့ တန်ဟက်ဂ်ရဲ့ သူ့ကို အရန် ကစားသမား အဖြစ်သာ အသုံးပြုနေမှု အပေါ် ကျေနပ်ခြင်း မရှိတာကြောင့် ပြီးခဲ့တဲ့ စပါးနဲ့ပွဲမှာ လူစားဝင် ကစားဖို့ ငြင်းဆန်ခဲ့သလို ကွင်းထဲကနေပါ ထွက်သွားပြီး တန်ဟက်ဂ်ကို ဆန္ဒပြခဲ့ကာ သူ့ရဲ့ လုပ်ရပ်ကြောင့်ပဲ တန်ဟက်ဂ်က ရိုနယ်ဒိုကို ချယ်လ်ဆီးနဲ့ သွားရောက် ယှဉ်ပြိုင်မယ့် အသင်းရဲ့ လူစာရင်းထဲ ကနေ ဖယ်ရှားခဲ့သလို အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ၃ရက်ပါ ပိတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက စပါးနဲ့ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် ရိုနယ်ဒိုရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ အဆုံးသတ်သွားမှာကို စိုးရိမ်နေကြပြီး တန်ဟက်ဂ်ကတော့ ပရိသတ်တွေရဲ့ ရိုနယ်ဒို အပေါ် ထားတဲ့ ချစ်ခြင်းတရားတွေကို သူ သိကြောင်းနဲ့ သူဟာ ရိုနယ်ဒိုကို အပြစ်ပေးထားပေမယ့် ရိုနယ်ဒိုဟာ အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ရှိနေဆဲ ဖြစ်ကာ လာမယ့် ရှရစ်ဖ်နဲ့ပွဲမှာ ရိုနယ်ဒိုကို ပြန်လည် အသုံးပြုသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit: ESPN

တန်ဟက်ဂ်က – “ရိုနယ်ဒိုက သူ့ကိုယ်သူ ကြံ့ခိုင်နေအောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ ဒါမှပဲ သူက ရှရစ်ဖ်နဲ့ ပွဲအတွက် အဆင်သင့် ဖြစ်နေမှာပါ။ သူက တနင်္ဂလာနေ့မှာ အသင်းနဲ့အတူ ပြန်ရှိနေမှာလား ဆိုတဲ့ မေးခွန်း အတွက် ဖြေရရင်တော့ ကျွန်တော်နဲ့ သူက ဒီကိစ္စ အတွက် စကားပြောရပါမယ်။ ကျွန်တော်က ရိုနယ်ဒိုကို အကြာကြီး အပြစ်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်က သူ့ကို အသင်းနဲ့အတူပဲ ပြန်ရှိစေချင်ပါတယ်။ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမား တဦး အဖြစ် ရှိနေဆဲပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။