ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ ခြေစွမ်းကောင်းရဲ့သားနဲ့ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တာလို့ ငြီးတွားလာခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် ၊ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က အုပ်စုပွဲ ၆ပွဲ အပြီးမှာ ရမှတ် ၄မှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့် အုပ်စုရဲ့ အောက်ဆုံးအဆင့်နဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Sky Sports

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ ပွဲစဉ်မှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က အနိုင် (သို့) သရေရလဒ် ရအောင် ကစားနိုင်ခဲ့ရင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်မှာ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲတွေကို လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၀-၁ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က နိုင်ပွဲရရှိရေး အတွက် အားသွန်ခွန်စိုက် ကြိုးစား ကစားခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ ကစားကွက်ကို ယှဉ်ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဘိုင်ယန်မြူးနစ် အတွက် တလုံးထဲသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၀မိနစ်မှာ တောင်ပံကစားသမား ကိုးမန်းက သွင်းယူပေးခဲ့တာပါ။

Photo Credit: Sporting News

ပွဲပြီးဆုံးချိန်မှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဒီနေ့ပွဲမှာ သူတို့အသင်းဟာ ရှုံးပွဲနဲ့ ကြုံခဲ့ရပေမယ့် အသင်းရဲ့ ကစားပုံက ကောင်းခဲ့ကြောင်းနဲ့ သူတို့အသင်းရဲ့ ခြေစွမ်းဟာ ရှုံးပွဲနဲ့ မကြုံသင့်တဲ့ ခြေစွမ်းမျိုး ဖြစ်ကြောင်း ဆင်ခြေပေးသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့က အမှားတွေ အများကြီး လုပ်မိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေး ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က ရှုံးပွဲနဲ့ မကြုံသင့်ပေမယ့် ရှုံးသွားခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့က ရှုံးထွက်အဆင့်ဆီ တက်ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြနိုင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။