ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၆) အဖြစ် ခရစ္စတယ် ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် သူတို့အသင်းဟာ ပဲလေ့စ်ကို ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့တာပါလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် ဥရောပဝင်ခွင့် ရဖို့ ရုန်းကန်နေရပြီး ဥရောပဝင်ခွင့် ရဖို့ အတွက် အမှတ်လျော့လို့ မဖြစ်တော့တာကြောင့် တန်ဟက်ဂ်ဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ်မှာ နိုင်ပွဲ ရယူနိုင်ဖို့ အကောင်းဆုံး လူစာရင်းကို ထုတ်သုံးခဲ့ပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ်က တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းမှာ အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ပေမယ့် အသင်းခေါင်းဆောင် ဘရူနို မပါဝင်လာတဲ့ ကွင်းလယ်ပိုင်းက ပဲလေ့စ်ရဲ့ ကွင်းလယ်ကို စိုးမိုးနိုင်စွမ်း မရှိခဲ့သလို ကြံ့ခိုင်မှု မပြည့်ဝတဲ့ ဂျွန်နီ အီဗန်စ်နဲ့ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးတို့ ဦးဆောင်လာတဲ့ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကလည်း ပဲလေ့စ်ရဲ့ လျင်မြန်တဲ့ တိုက်စစ်ကို တားဆီးဖို့ ခက်ခဲခဲ့ပါတယ်။

ယူနိုက်တက်ဘက်မှာ အရည်အသွေးမြင့် ဗဟိုခံစစ်မှူး မပါဝင်လာတာကြောင့် ပဲလေ့စ်ရဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ အဇီး ၊ အိုလစ်ဆီနဲ့ မာတေးတားတို့က ပွဲအတွင်းမှာ နေရာလွတ် များစွာ ရခဲ့ကြပြီး အိုလစ်ဆီက သွင်းဂိုး ၂ဂိုး ၊ မာတေးတားက သွင်းဂိုး ၁ဂိုးနဲ့ ဘယ်တောင်ပံ တောင်ပံတိုက်စစ် ကစားသမား မစ်ချယ်က သွင်းဂိုး ၁ဂိုး အသီးသီး သွင်းယူပေးခဲ့တာကြောင့် ပဲလေ့စ်ဟာ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: The Sun

ခရစ္စတယ် ပဲလေ့စ် ၄-၀ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးကို ဆိုးဝါးခဲ့ပြီး သူတို့အသင်းဟာ ဂိုးပြတ်ရှုံးပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်လို့ ဝန်ခံလာခဲ့ပါတယ်။ တန်ဟက်ဂ်က – “ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက် ဖြစ်လို့ အခုထက် ပိုကောင်းတဲ့ ကစားပုံကို ပြသနိုင်ခဲ့သင့်ပါတယ်။ ဒီနေ့ပွဲမှာ အသင်းအတွက် ဝင်ကစားခွင့် ရခဲ့တဲ့ ကစားသမားတွေက စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့သင့်တာပါ။ ဒီနေ့ရှုံးပွဲက ထိုက်တန်တဲ့ ရှုံးပွဲ ဖြစ်ပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်က ကျွန်တော်တို့တွေ မျှော်မှန်းထားတဲ့ စွမ်းဆောင်ရည်မျိုး မဟုတ်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က လာမယ့် တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇) အဖြစ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး လတ်တလော ခြေစွမ်းပိုင်းအရ အာဆင်နယ်က မန်ချက်စတာ ယူနိုက်တက်ထက် အပြတ်အသတ် သာနေတာကြောင့် ယူနိုက်တက်ဟာ နောက်ထပ် ရှုံးပွဲ တပွဲ ထပ်မံ မကြုံရဖို့ အသည်းအသန် ကြိုးစားရဖွယ် ရှိနေပါတယ်။