ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ပရီးမီယားလိဂ် ပွဲစဉ်(၂၄) အဖြစ် အက်စ်တွန်ဗီလာနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တော်မီနေးဟာ ဒီနေ့ခေတ် ကစားသမားတွေရဲ့ စံပြကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပထမရာသီဝက်မှာ ရလဒ်တွေ မကောင်းခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ကာရာဘောင်းပြိုင်ပွဲတွေ ကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အသည်းအသန် ရုန်းကန်ရမယ့် အနေအထားဆီ ရောက်ခဲ့ပါတယ်။

Photo Credit: Euro Sports

ဒါပေမယ့် ၂၀၂၄ခုနှစ် အရောက်မှာ ဒဏ်ရာရနေတဲ့ အဓိက ကစားသမားတွေ ပြန်လာနိုင်မှုနဲ့အတူ မန်ချက်စတာ ယူနိုက်တက်က ပြိုင်ပွဲစုံမှာ ရလဒ်တွေ တောက်လျှောက် ကောင်းလာခဲ့ပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် ဗီလာနဲ့ ပွဲစဉ်မှာလည်း ယူနိုက်တက်က အဖိုးတန်နိုင်ပွဲကို ရရှိခဲ့ပါတယ်။

ဗီလာ ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးက နိုင်ပွဲ ရရှိဖို့ အတွက် ဦးတည် ကစားခဲ့တာကြောင့် အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းက ပွဲချိန် ၁၇မိနစ်မှာ ဧည့်သည်တွေ အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ဒေါက်ဂလပ် လူးဝစ်ဇ်က ပွဲချိန် ၆၇မိနစ်မှာ အိမ်ရှင်အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်နေချိန်မှာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က ရက်ဖို့ဒ်နဲ့ တော်မီနေးတို့ကို လူစားလဲကာ တော်မီနေးကို တိုက်စစ်မြှားဦး နေရာမှာ ကစားစေတဲ့ ထူးထူးဆန်းဆန်း နည်းစနစ် ပြောင်းလဲမှု တခုကို လုပ်ခဲ့ပြီး တော်မီနေးကလည်း သူဟာ တန်ဟက်ဂ်ရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်းကို ပွဲချိန် ၈၆မိနစ်မှာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးရင်း သက်သေပြသွားခဲ့ပါတယ်။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ တန်ဟက်ဂ်က လူစားဝင် ကစားသမား အဖြစ် ကစားရင်း အသင်းကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တဲ့ တော်မီနေးကို ချီးကျူးသွားခဲ့ပြီး ဒီနေ့ခေတ် ကစားသမားတွေဟာ တော်မီနေးကို အတုယူသင့်တယ်လို့ ဆိုလာပါတယ်။ တန်ဟက်ဂ်က – “ခင်ဗျားတို့က တော်မီနေးလို ကစားသမားမျိုးကို ချီးကျူးသင့်ပါတယ်။ တော်မီနေးက ဒီနေ့ခေတ် ကစားသမား အတော်များများရဲ့ စံပြကစားသမားပါ။ ဒီနေ့ခေတ်မှာ ပွဲရဲ့ ဘယ်မိနစ်မှာမဆို ဝင်ကစားဖို့ အသင့် ဖြစ်နေတဲ့ ကစားသမားတွေ အများကြီး မရှိတော့ပါဘူး။ တော်မီနေးကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဝင်ကစားပြီး ခြားနားချက်တွေ လုပ်ပေးနိုင်တဲ့ ကစားသမားပါ” လို့ ပြောကာ တော်မီနေးကို ချီးကျူးသွားခဲ့တာပါ။