ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုးတွေကြောင့် အရှုံးပေးခဲ့ရပေမယ့် မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၃၂)မှာ ပြိုင်ဘက် လီဗာပူးကို အနိုင်ကစားနိုစ်ွမ်း ရှိကြောင်း ပွဲကြိုအင်တာဗျူးမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁) နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးနဲ့ ဒီရာသီအတွင်းမှာ ၂ပွဲ ကစားထားရာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ဆိုတဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Opta Analyst

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပထမအကျော့ အဖြစ် လီဗာပူးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်အောင် ယှဉ်ပြိုင်နိုင်ခဲ့သလို အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဖြစ် လီဗာပူးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ချိန်မှာလည်း ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။

ဒါကြောင့်ပဲ မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်မှာ ယူနိုက်တက်က အိမ်ကွင်းအားသာချက်ကို အသုံးချကာ လီဗာပူးကို ဒုက္ခပေးနိုင်ပြီး လီဗာပူးကလည်း ချန်ပီယံဆုအတွက် အမှားခံလို့ မရတော့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင် ကစားဖို့ အစွမ်းကုန် ကြိုးစားလာပါလိမ့်မယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ အဝေးကွင်းမှာ ချယ်လ်ဆီးကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ပေမယ့် သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက မာကျောတာကြောင့် မနက်ဖြန်မှာ ကစားမယ့် ပွဲစဉ်မှာ သူတို့အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိသလို ထိပ်သီးအသင်းတွေကို အနိုင်ယူနိုင်စွမ်း ရှိကြောင်းကို သက်သေပြသွားမယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့က အဆုံးအထိ ဆက်လက် တိုက်ပွဲဝင်သွားမှာပါ။ ခင်ဗျားတို့ကလည်း ကျွန်တော့် ကစားသမားတွေရဲ့ စိတ်ဓာတ်ကို မြင်တွေ့ပြီးသား ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက မာကျောပါတယ်။ ဒါကြောင့် သူတို့က တနင်္ဂနွေနေ့မှာ ကစားရမယ့်ပွဲ အတွက် အဆင်သင့် ဖြစ်နေမယ် ဆိုတာ သေချာ သိပါတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းတွေကို ယှဉ်ကစားနိုင်စွမ်း ရှိသလို သူတို့ကို အနိုင်ယူနိုင်စွမ်းလည်း ရှိပါတယ်။ အဲ့ဒါကို သက်သေပြသွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။