ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကစားခွင့် မရရင် စိတ်တိုတတ်ပေမယ့် အသင်းမှာ ပျော်ရွှင်နေပါတယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ အသက်အရွယ်ကြောင့် ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းလာတဲ့ ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁ဂိုးသာ သွင်းယူပေးထားပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ရိုနယ်ဒိုကို ယူရိုပါလိဂ်ပြိုင်ပွဲမှာသာ ပွဲထွက်ခွင့် ပေးနေကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ လူစားဝင် တိုက်စစ်မှူး အဖြစ်သာ သုံးစွဲနေသလို ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာဆိုရင်လည်း ကစားခွင့်တောင် မပေးခဲ့ပါဘူး။

လက်ရှိမှာတော့ အဲရစ် တန်ဟက်ဂ်ရဲ့ ရိုနယ်ဒိုလို တိုက်စစ်မှူးမျိုးကို ပွဲထွက်ခွင့် မပေးပဲ လူစားဝင် ကစားသမား အဖြစ်သာ သုံးစွဲနေမှုအပေါ် ဝေဖန်မှု တချို့ ရှိနေပြီး တန်ဟက်ဂ်က သူဟာ ရိုနယ်ဒိုလို ကြီးကျယ်တဲ့ ကစားသမား တဦးကို သဘောကျသလို မကြာခင်မှာ ရိုနယ်ဒိုကို ယခုထက် ပိုမို သုံးစွဲဖို့ စီစဉ်ထားသလို ရိုနယ်ဒိုဟာ ကစားခွင့် မရတာကြောင့် စိတ်တိုတတ်ပေမယ့် အသင်းမှာ ပျော်ရွှင်နေကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

အဲရစ် တန်ဟက်ဂ်က – “ရိုနယ်ဒိုက ကစားခွင့် မရတဲ့ အချိန်တွေဆိုရင် မပျော်မရွှင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူက ကောင်းကောင်း လေ့ကျင့်နေပါတယ်။ ပြီးတော့ သူက ဘယ်အချိန်မှာမဆို အကောင်းဆုံး ပေးဆပ် ကစားတတ်သူပါ။ ဒါကြောင့် သူက အဆင်ပြေနေပါတယ်။ ရိုနယ်ဒို တယောက် လေ့ကျင့်ရေးကွင်းမှာ အမြဲတမ်း ပျော်ရွှင်နေတတ်သူပါ။ သူက အမြဲတမ်း ကစားခွင့် ရချင်တဲ့ ကစားသမား ဖြစ်တာကြောင့် ကစားခွင့် မရတိုင်းမှာ စိတ်တိုတတ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ရိုနယ်ဒိုက မန်ချက်စတာဒါဘီမှာ ကစားခွင့် မရခဲ့ပေမယ့် မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် အိုမိုနီးရား နီကိုးရှားနဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာတော့ ပွဲထွက် ကစားသမား အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ခွင့် ရမယ်လို့ သိထားရပါတယ်။