MySport Myanmar

အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပေမယ့် ကစားပုံ ကောင်းခဲ့ကြောင်း ပြောလာတဲ့ တန်ဟက်ဂ်

ယနေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲတွေမှာတော့ အင်္ဂလန်ကိုယ်စားပြု အသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ရှုံးပွဲတွေ အသီးသီး ကြုံတွေ့ခဲ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ရှုံးပွဲတွေ ကိုယ်စီ ကိုယ်စီ ကြုံတွေ့ခဲ့ရပေမယ့် အာဆင်နယ်ဟာ အဝေးကွင်းမှာ ရှုံးပွဲ တွေ့ခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာပါ။

Photo Credit: Standard

အထူးသဖြင့် အုပ်စုအဖွင့်ပွဲမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်က အုပ်စု ဒုတိယပွဲမှာလည်း ဂါလာတာစာရေးကို အိမ်ကွင်းမှာ ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် ပိုပြီး အထိနာခဲ့တယ်လို့ ပြောရပါလိမ့်မယ်။

မန်ချက်စတာ ယူနိုက်တက်က အုပ်စု ဒုတိယပွဲ အဖြစ် ဂါလာတာစာရေးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့သလို ဦးဆောင်ဂိုးတွေလည်း အကြိမ်ကြိမ် သွင်းနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ တိုက်စစ်ကို မတားဆီးနိုင်ခဲ့တာကြောင့် ချေပဂိုးတွေနဲ့ အနိုင်ဂိုး ပြန်ပေးခဲ့ရပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက် ၂-၃ ဂါလာတာစာရေး ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို လူငယ် တိုက်စစ်မှူး ဟွိုက်လန်း တဦးထဲက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဂါလာတာစာရေး အတွက် သွင်းဂိုးတွေကိုတော့ ဇာဟာ ၊ အတာကိုဂလူနဲ့ အိုင်ကာဒီတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။
အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က သူ့အသင်းဟာ ကစားပုံ ကောင်းရဲ့သားနဲ့ ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပြီး တဦးချင်းအမှားတွေကို ပြင်ဆင်နိုင်ဖို့ သူ့မှာ နည်းလမ်းတွေ ရှိကြောင်း ဆိုလာပါတယ်။ တန်ဟက်ဂ်​က – “ခင်ဗျားတို့ကတော့ တူညီတဲ့ အမှားတွေကို ကျူးလွန်မိခဲ့တာကြောင့် ရှုံးပွဲတွေ ကြုံရတယ်လို့ ပြောကောင်း ပြောပါလိမ့်မယ်။ ကျွန်တော်ကတော့ အချိတ်အဆက်မိမိ ၊ စိတ်ဓာတ်ကောင်းကောင်း ၊ ကစားအားကောင်းကောင်းနဲ့ ကစားသွားခဲ့တာကိုပဲ မြင်ပါတယ်။ ကျွန်တော်တို့က ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ရုတ်တရတ် အမှားတွေ ကျူးလွန်မိခဲ့ပါတယ်။ ကျွန်တော်ကတော့ အသင်းကို ဒီလိုမျိုး အခြေအနေတွေမှာ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတာ လမ်းညွှန်မှုတွေ ပေးရပါတော့မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version