ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၂-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရက်ဖို့ဒ်အား အနောက်ကနေ လူချခဲ့တဲ့ ဘာစီလိုနာ ခံစစ်မှူး ခွန်ဒီ တယောက် အနီကတ် မထိခဲ့လို့ အံ့ဩ ဒေါသထွက်ရကြောင်း ပွဲအပြီးမှာ ပြောကြားလာခဲ့ပါတယ်။

ယူရိုပါလိဂ် ၃၂သင်းအဆင့် ပထမအကျော့ ပွဲစဉ်ဖြစ်တဲ့ ဘာစီလိုနာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကို ဘာစီလိုနာရဲ့ အိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက တိုက်စစ်အားသန် ကစားကွက်တွေနဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့် ပေးသွားခဲ့ပါတယ်။

Photo Credit: Metro

ဘာစီလိုနာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ၂၀၂၃ခုနှစ် အတွင်းမှာ ခြေစွမ်းအကောင်းဆုံး ဖြစ်နေတဲ့ အသင်းတွေ ပီပီ သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပြီး သူတပြန် ၊ ကိုယ်တပြန် တိုက်စစ်ဆင်မှုတွေနဲ့အတူ ၂-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဘာစီလိုနာ ၂-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ဘာစီလိုနာ အတွက် သွင်းဂိုးတွေကို ပွဲချိန် ၅၀မိနစ်မှာ အလွန်ဆိုနဲ့ ပွဲချိန် ၇၆မိနစ်မှာ ရာဖင်ညာတို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ပွဲချိန် ၅၂မိနစ်မှာ သွင်းခဲ့တဲ့ ရက်ဖို့ဒ်ရဲ့ သွင်းဂိုး ၊ ပွဲချိန် ၅၉မိနစ်မှာ ရရှိခဲ့တဲ့ ခွန်ဒီရဲ့ လက်ဆောင်ဂိုးတို့ကြောင့် အိမ်အပြန် မျက်နှာပန်းလှခဲ့တာပါ။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာ ဘာစီလိုနာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ခြေရည်တူနေခဲ့တာကြောင့် သရေရလဒ်ဟာ သင့်တော်တဲ့ ရလဒ်တခု ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ၁-၂ ဆိုတဲ့ ရလဒ် ဖြစ်နေချိန်မှာ ရက်ဖို့ဒ်ကို အနောက်ကနေ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ဘာစီလိုနာ ခံစစ်မှူး ခွန်ဒီဟာ အနီကတ် ထိခဲ့သင့်ကြောင်း ပွဲပြီးဆုံးချိန်မှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “၁-၂ ဆိုတဲ့ ရလဒ် ဖြစ်နေချိန်မှာ ခွန်ဒီက ရက်ဖို့ဒ်ကို သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ။ ကျွန်တော်တို့က ခွန်ဒီဟာ ရက်ဖို့ဒ်ကို ဂိုးဧရိယာ အပြင်မှာ လူချခဲ့တာလား ၊ ဂိုးဧရိယာ အတွင်းမှာ လူချခဲ့တာလား ဆိုတာကို ဆွေးနွေးစရာတွေ ရှိတာ သိပါတယ်။ (ပင်နယ်တီ ပေးသင့် ၊ မပေးသင့်အား ဆိုလိုလျက်) ဒါပေမယ့် ဒါက သေချာပေါက် အနီကတ် ပြရမယ့် ပြစ်ဒဏ်ပါ။ ကျွန်တော်ကလည်း ကွင်းလယ်ဒိုင်ကို ဘာကြောင့် အနီကတ် မပြခဲ့တာလဲ ဆိုတာကို မေးခဲ့ပါတယ်။ သူကတော့ အဲ့ဒီဖြစ်ရပ်က ဂိုးဧရိယာ အပြင်ဘက်မှာ ဖြစ်ခဲ့သလို ပြစ်ဒဏ်ဘော မဟုတ်ဘူးလို့လည်း ပြန်ဖြေခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်က ရက်ဖို့ဒ်နဲ့ ခွန်ဒီရဲ့ အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြတာပါ။ ပြီးတော့ ကျွန်တော်တို့မှာ VARလည်း ရှိပါသေးတယ်။ ဒါက တကယ်ကို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါ။ သူတို့က ဘာစီလိုနာရဲ့ ဖိအားပေးမှုကြောင့် ဒီလိုမျိုး ဆုံးဖြတ်ရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေ မရှိသင့်ပါဘူး” လို့ ကွင်းလယ်ဒိုင် မာရီရာနီရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။