မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ရီးယဲလ် မက်ဒရစ်အသင်းနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဥ် အပြီးမှာပဲ သူတို့အသင်းက အထောင် တိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေ လိုအပ်နေပြီလို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ဒီနေ့မနက် အမေရိကန်မှာ ယှဥ်ပြိုင်ခဲ့ကြတဲ့ ခြေစမ်းပွဲစဥ်အတွင်း ရီးယဲလ်က ယူနိုက်တက်ကို ဒီနွေမှ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေဖြစ်သော ဘယ်လင်ဟမ် ဟိုဆေးလူတို့ရဲ့ အဖွင့်ဂိုးတွေနဲ့ (၂)ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။

Photo Credit : Twitter

ယူနိုက်တက်က ရီးယဲလ်နဲ့ပွဲ မတိုင်ခင် ဝရက်ဇ်ဟမ်းနဲ့ပွဲမှာ စီနီယာ ကစားသမား အများအပြားကို အနားပေးခဲ့ပြီး လိဒ်စ် လိုင်ယွန် အာဆင်နယ်တို့ကိုလည်း ဆက်တိုက် အနိုင်ယူခဲ့ပါတယ်။ ဒါ့အပြင် ရီးယဲလ်ကိုလည်း အကောင်းဆုံး ယှဉ်ကစားခဲ့ပေမယ့် ရလာတဲ့ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးချနိုင်မယ့် တိုက်စစ်မှူးမျိုး ရှိမနေတာက ယူနိုက်တက်ရဲ့ ပြသာနာတစ်ခု ဖြစ်သွားခဲ့ရပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “ဂိုးသမားနဲ့ တစ်ဦးချင်း ရင်ဆိုင်ရချိန်တွေမှာ ဂိုးရအောင် စွမ်းဆောင်န်ိုင်မယ့် ကစားသမားတွေ ကျွန်တော်တို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒီနေ့မှာ တစ်ဦးချင်း အခြေအနေတွေ ကျွန်တော်တို့ ရခဲ့ပါသေးတယ်။ ရပ်ရှ်ဖို့ဒ် ဂါနာချို နဲ့ တွမ်မီနေးတို့ ဒီလို အခြေအနေမျိုးတွေ တစ်ကြိမ်စီ ရခဲ့ပြီး ဒီကနေ ဂိုးသွင်းယူနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ No(9) role တစ်ယောက်ကို မဖြစ်မနေ လိုအပ်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

 

Photo Credit : Daily Mail

လက်ရှိမှာတော့ မန်ယူနိုက်တက်အသင်းက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အတ္တလန်တာရဲ့ ဒိန်းမတ် တိုက်စစ် ကစားသမားလေး ဟွိုင်လန်းအတွက် ယူရို သန်း (၆၀)တန် package နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ် ဆိုပေမယ့်လည်း ဒါက နှုတ်အားနဲ့သာ ကမ်းလှမ်းထားတာ ဖြစ်သေးပြီး အတ္တလန်တာဘက်ကတော့ အနိမ့်ဆုံး ယူရို သန်း (၇၀)လောက် အလိုရှိနေပါတယ်။

တစ်ဖက်မှာကလည်း ဟယ်ရီကိန်းက စပါးအသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့ပဲ အသင်းကနေသာ ထွက်ခွာချင်နေသလို စပါးကလည်း ကိန်းကို လာမယ့်နွေမှာ အလွတ်နဲ့ လက်လွတ်မခံရဖို့အတွက် အခုနွေမှာပဲ အပြီးသတ် ရောင်းချသွားချင်နေတာမို့ ယူနိုက်တက်က ဟွိုင်လန်းရော ကိန်းကိုပါ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားချင်နေပါတယ်။