ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ရာသီအဖွင့်ပွဲ အဖြစ် ဝုလ်ဗ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယနေ့မနက် အစောပိုင်းမှာပဲ ဧည့်ခံ ကစားခဲ့ရာ ဗဟိုနောက်ခံလူ ဗာရန်းရဲ့ တလုံးထဲသော ခေါင်းတိုက်ဂိုးနဲ့ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဝုလ်ဗ်တို့ရဲ့ ပွဲစဉ်က နှစ်သင်းစလုံး အတွက် ရာသီအဖွင့်ပွဲ ဖြစ်တာကြောင့် နှစ်သင်းစလုံးရဲ့ နည်းပြချုပ်တွေက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြသလို ကစားသမားတွေကလည်း အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit: Sky Sports

ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ကစားသမားသစ်တွေ ဖြစ်တဲ့ မေဆန်မောင့်နဲ့ အိုနာနာတို့ကို ပွဲထွက် လူစာရင်းမှာ ထည့်သွင်း အသုံးပြုခဲ့ပြီး ဝုလ်ဗ်နည်းပြသစ် အိုနေးလ်ကလည်း သူတို့အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို ထုတ်သုံးကာ ရာသီအဖွင့်ပွဲမှာ မရှုံးနိမ့်အောင် ကြိုးစား ကစားစေခဲ့ပါတယ်။

နှစ်သင်းစလုံးက မြန်နှုန်းမြင့် တောင်ပံ ကစားသမားတွေကို အားကိုးကာ ကစားလေ့ ရှိတဲ့ အသင်းတွေပီပီ ဒီပွဲက အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး ဝုလ်ဗ်ကစားသမားတွေရဲ့ အတင်းဝင် ၊ အတင်းဖျက် ကစားပုံကြောင့် အိမ်ရှင် ယူနိုက်တက်ဘက်က သူတို့လိုချင်တဲ့ ကစားပုံအတိုင်း စိတ်ကြိုက် ကစားခွင့် မရခဲ့ပါဘူး။

Photo Credit: Mirror

ဒါပေမယ့် အသင်းနှစ်သင်းရဲ့ ကစားသမားတွေ ကြားထဲမှာ အရည်အချင်း ကွာဟချက် ကြီးမားချက်ကြောင့် ပွဲချိန် ၇၆မိနစ်မှာ ယူနိုက်တက်ရဲ့ တရစပ် တိုက်စစ်ဆင် ကစားမှုကနေ အဓိကနောက်ခံလူ ဗာရန်းက ဂိုးဧရိယာအတွင်းမှာပဲ အပိုင် ခေါင်းတိုက်ကာ မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၁-၀ ဝုလ်ဗ် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က သူတို့အသင်းဟာ ဝုလ်ဗ်ကို ကံကောင်းလို့သာ နိုင်ခဲ့တာပါလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ တန်ဟက်ဂ်က – “ကျွန်တော်က နိုင်ပွဲအတွက် အတော်လေး ကျေနပ်မိပါတယ်။ ဒီပွဲက ရာသီသစ်ကို ကြိုဆိုခဲ့တဲ့ တိုက်ပွဲ တပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ခြေစွမ်းက ဒီပွဲမှာ အကောင်းကြီး မဟုတ်ခဲ့ပေမယ့် ကျွန်တော်တို့က နိုင်ပွဲ ရအောင် လုပ်နိုင်မယ့် နည်းလမ်းတခုကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဝုလ်ဗ်ရဲ့ ရာသီကြို ခြေစမ်းပွဲတွေကို ကြည့်လိုက်ရင် သူတို့က အသင်းကောင်း တသင်း ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့က ကံကောင်းလို့ ၃မှတ် အပြည့် ယူနိုင်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။