MySport Myanmar

အသင်းရဲ့ ပြဿနာက ဂိုးတွေ မသွင်းယူနိုင်တာပဲလို့ ဆိုလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က သူတို့အသင်း လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာက ဂိုးတွေ မသွင်းယူနိုင်တာဖြစ်ကြောင်း အသင်းမှာ ဂိုးသွင်းအားကောင်းတဲ့ ကစားသမားတွေ ရှိနေပေမယ့် ဂိုးတွေ မရတာက အဓိက ပြဿနာတစ်ရပ် ဖြစ်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နိုင်ငံတကာ ရက်သတ္တပတ်အပြီး ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဘန်စလေနဲ့ လိဂ်ဖလားပွဲစဉ်တွေမှာ (0-3) (7-0) ရလဒ်တွေနဲ့ ဂိုးပြတ်နိုင်ပွဲတွေ ရရှိခဲ့ပေမယ့်လည်း အဲ့ဒီပွဲတွေနောက်ပိုင်း ပဲေ့လစ်နဲ့ပွဲရော တွမ်တီးနဲ့ပွဲမှာ ယူနိုက်တက် တိုက်စစ်ရဲ့ ပွဲကို အပြီးမဖြတ်နိုင်မှုတွေက အသင်းအတွက် နစ်နာမှုတွေ ဖြစ်စေခဲ့ပါတယ်။

Photo Credit : Centredevils

အဲ့ဒီပွဲစဉ် (၂)ပွဲလုံးရဲ့ ပထမပိုင်း ပွဲကစားချိန်တွေမှာ ယူနိုက်တက်အနေနဲ့ သွင်းဂိုးတွေ သွင်းယူနိုင်မယ့် အခွင့်အရေးမျိုး ရရှိခဲ့ပေမယ့် ဒီအခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ခြင်းကနေ ပဲလေ့စ်နဲ့ပွဲမှာ ဂိုးမရှိသရေ ဖြစ်ခဲ့ရသလို တွမ်တီးနဲ့ပွဲမှာလည်း (၁)ဂိုးနဲ့သာ ဦးဆောင်နေရင်း ဒုတိယပိုင်းရောက်တော့ ချေပဂိုး ခွင့်ပြုပြီး သရေထပ်ကျခဲ့ပြန်ပါတယ်။

ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း (၅)ပွဲကစား (၅)ဂိုးသာ သွင်းယူထားနိုင်ပြီး ဒါဟာ အမှတ်ပေးဇယား အောက်နား အဲဗာတန် ဝုလ်ဗ်တို့ရဲ့ သွင်းဂိုးအရေအတွက်နဲ့ တူညီနေသလို ယူနိုက်တက်ထက် ဂိုးပိုမို သွင်းထားနိုင်တဲ့ အသင်းဟာလည်း (၁၂)သင်းအထိတောင် ရှိလို့နေပါတယ်။

Photo Credit : Centredevils

ဒီအခြေအနေတွေအပေါ် အသင်းနည်းပြ တန်ဟက်ဂ်က “ဂိုးတွေ မသွင်းယူနိုင်တာက လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာပါ။ ကျွန်တော်တို့ ဂိုးတွေ များများသွင်းယူနိုင်ရပါမယ်။ ကျွန်တော်တို့အသင်းမှာလည်း ဂိုးတွေနိုင်စွမ်းရှိတဲ့ ကစားသမားတွေ ရှိနေတယ်ဆိုတာလည်း ရှင်းလင်းပါတယ်။ ကျွန်တော်တို့က ဘယ်ပြိုင်ဘက်တိုင်းနဲ့မဆို အခွင့်အရေးတွေ ဖန်တီးနိုင်တာကိုလည်း မြင်တွေ့ရမှာပါ။”

“ဒါပေမယ့် အဲ့ဒီ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့က လိုအပ်နေသေးပြီး လုံလောက်မှုလည်း မရှိသေးပါဘူး။” လို့ ပြောဆိုလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ Opta ရဲ့ ထုတ်ပြန်ချက်များအရ ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အပိုင်အခွင့်အရေးတွေကို လွဲချော်အနိုင်ဆုံး အသင်းအဖြစ်နဲ့ပါ ရပ်တည်နေရပြီး ပွဲစဉ် (၅)ပွဲ ကစားအပြီး အပိုင်အခွင့်အရေး (၁၇)ကြိမ်အထိတောင် လွဲချော်ခဲ့ရပါတယ်။

Exit mobile version