MySport Myanmar

ဖာနန်ဒက်က မန်ယူရဲ့ အသင်းခေါင်းဆောင်ပါလို့ တရားဝင် ပြောလာတဲ့ တန်ဟက်ဂ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ပါလို့ စပါး ၂-၂ မန်ချက်စတာ ယူနိုက်တက် ပွဲမှာ တရားဝင် ထုတ်ပြောသွားခဲ့ပါတယ်။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ရာထူးကို ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ရရှိထားပေမယ့် မက်ဂွိုင်းယားဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းသလို မကြာခဏ အမှားတွေ လုပ်လေ့ ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက မက်ဂွိုင်းယား အစား အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဘရူနို ဖာနန်ဒက်ကိုသာ အသင်းခေါင်းဆောင် အဖြစ် မြင်ချင်နေကြပါတယ်။

Photo Credit: 90 Min

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်က စပို့တင်း လစ္စဘွန်း ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ဘရူနို ဖာနန်ဒက်က မန်ချက်စတာ ယူနိုက်တက် အတွက် ၃နှစ်ကျော် ကာလအတွင်းမှာ စုစုပေါင်း ၁၇၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅၃ကြိမ် ပြုလုပ်ထားနိုင်ကာ ကာရာဘောင်းဖလား ၁လုံး ရယူထားနိုင်ပါတယ်။

ဘရူနို ဖာနန်ဒက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို ကြံ့ခိုင်မှု အလွန် ကောင်းမွန်တာကြောင့် ဒီရာသီမှာ အသင်းရဲ့ ပွဲအများစုကို အသင်းခေါင်းဆောင် အဖြစ် ပါဝင် ကစားခွင့် ရထားပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ စပါး ၂-၂ မန်ချက်စတာ ယူနိုက်တက် ပွဲမှာ ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

တန်ဟက်ဂ်က – “ဘရူနို ဖာနန်ဒက်က ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါ။ ဒါကြောင့် ဒီပွဲမှာ သူ ပါဝင် ကစားပေးနိုင်လို့ အတော်လေး ပျော်ပါတယ်” ဆိုပြီး ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်ကြောင်း အတိအလင်း ကြေညာသွားခဲ့တာပါ။

တန်ဟက်ဂ်က လက်ရှိအချိန် အထိ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူး ပေးအပ်ထားဆဲ ဖြစ်ပေမယ့် လာမယ့် ဘောလုံးရာသီမှာ အသင်းခေါင်းဆောင်ရာထူးကို ဘရူနို ဖာနန်ဒက်ဆီ ပေးအပ်ဖို့ သေချာနေကြောင်းလည်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

Exit mobile version