မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က ရှာရစ်ဖ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး စတင်သွင်းယူနိုင်ခဲ့သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ ဂိုးတွေကို ပြန်လည် မြင်တွေ့လာရတော့မယ်လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bola

goat ကြီး ရော်နယ်လ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီမှာ ပုံမှန်ကစားခွင့် ရရဖို့ရော သွင်းဂိုးတွေ သွင်းယူဖို့ပါ ရုန်းကန်နေရတာဖြစ်ပြီး စက်တင်ဘာလလယ်ပိုင်းမှသာ ဒီရာသီအတွက် ပထမဆုံးဂိုးကို စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက်အရွှယ်အရ အရင်လို ခြေစွမ်းမျိုးပြသနိုင်ဖို့ မလွယ်ကူနိုင်တော့တဲ့ အခြေအနေမှာ ဂိုးပါ မသွင်းနိုင်လို့ ယုံကြည်မှုတွေ ကျဆင်းနေရတဲ့ ရော်နယ်လ်ဒိုအတွက် အခုလို သွင်းဂိုးတစ်ဂိုး စတင် သွင်းယူနိုင်ခဲ့ခြင်းဟာ သူရဲ့ယုံကြည်မှုကို မြင့်တတ်လာနိုင်စေသလို ကြံခိုင်မှု တိုးတတ်လာတာနဲ့အမျှ ရော်နယ်လ်ဒိုရဲ့ ဂိုးတွေကို ပြန်လည် မြင်တွေ့လာရလိမ့်မယ်လို့လည်း ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ပြောဆိုလိုက်ပါတယ်။

Photo Credit : Bola

ရော်နယ်လ်ဒိုနဲ့ ပတ်သတ်ပြီး တန်ဟက်ဂ်က “သူ ဂိုးတွေ ပြန်လည် သွင်းယူပြပါတော့မယ်။ ကြံခိုင်မှုတွေ ပိုကောင်းလာတဲ့အခါ သူရဲ့ ဂိုးတွေကို ပိုမို တွေ့ရပါလိမ့်မယ်။ သူက ဒီပရောဂျက်ထဲမှာ လုံးလုံးလျာလျာ ပါဝင်ပေးသွားမယ်လို့ ကတိကဝတ်ပြုထားသလို တကယ်လည်း ပါဝင်နိုင်ခဲ့တယ်။ ကွင်းအတွင်းမှာလည်း အသင်းသားတွေနဲ့ ချိတ်ဆက်မှုတွေ ရှိနေပြီး ဒီလို ချိတ်ဆက်မှုတွေ တည်ဆောက်လာနိုင်လို့ ကျေနပ်မိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ရှာရစ်ဖ်နဲ့ ပွဲစဉ်မှာ ညာနောက်ခံလူ ဒါလော့ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက်တော့ ကစားသမားဘဝအတွင်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ သွင်းယူခဲ့ဖူးတဲ့ ပထမဆုံး သွင်းဂိုးပါ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုအနေနဲ့ စီနီယာ ကစားသမားဘဝတလျှောက် သွင်းယူနိုင်ခဲ့တဲ့ (၆၉၉)ဂိုးမြောက်လည်း ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် ရော်နယ်လ်ဒိုဟာ သူကစားခဲ့ဖူးသမျှ ပြိုင်ပွဲတွေအားလုံးထဲ ကွန်မြူနတီဒိုင်းပွဲစဉ်ကလွဲပြီး ပြိုင်ပွဲတိုင်းလိုလိုမှာ ဂိုးသွင်းနိုင်ခဲ့သူအဖြစ်နဲ့ပါ စံချိန်တင်ထားခဲ့ပါတယ်။