ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ ရှရစ်ဖ်ကို အနိုင်ရခဲ့ပြီးနောက် ရှရစ်ဖ်နဲ့ပွဲမှာ အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းပေးခဲ့တဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ဒီရာသီမှာ သွင်းဂိုးတွေ အများကြီး ထပ်ရလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် အုပ်စုပွဲစဉ်(၅) အဖြစ် အိမ်ကွင်းမှာ ရှရစ်ဖ်ကို ဧည့်ခံ ကစားခဲ့ရာ ပွဲစပွဲဆုံး ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့သလို တပွဲလုံး တိုက်စစ်ဆင် ကစားခဲ့ပြီး ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက် ၃-၀ ရှရစ်ဖ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ဂိုးပေါက် ကန်သွင်းမှု ၂၄ကြိမ် အထိ ရခဲ့သလို ရှရစ်ဖ်ဘက်ကို ဂိုးပေါက် ကန်သွင်းမှု တကြိမ်မှ ပြန်လည် ခွင့်ပြုခဲ့ရခြင်း မရှိပဲ ခြေပြတ် ၊ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို ညာနောက်ခံလူ ဒါးလော့နဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရိုနယ်ဒို ၊ ရက်ဖို့ဒ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ရှရစ်ဖ်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး အတော်လေးကို အားရကျေနပ်သလို အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရိုနယ်ဒိုဟာ သွင်းဂိုးတွေ အများကြီး ထပ်သွင်းနိုင်လိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ်က – “ရိုနယ်ဒို တယောက် ဂိုးသွင်းနိုင်ခဲ့တာကို မြင်ရတာ အတော်လေးကို ပျော်ဖို့ ကောင်းပါတယ်။ ဒီနေ့ပွဲမှာ သူက အသင်းဖော်တွေ အတွက် အခွင့်အရေး ဖန်တီးမှုတွေ လုပ်နိုင်ခဲ့သလို အသင်းကလည်း သူ့အတွက် ဂိုးသွင်းခွင့်တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူက သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ဖို့ လိုအပ်နေတာပါ။ အခု သူက ဂိုးသွင်းနိုင်ခဲ့ပြီ ဖြစ်လို့ မကြာခင်မှာ သူ့ရဲ့ သွင်းဂိုးတွေ အများကြီးကို ထပ်မံ မြင်တွေ့ရပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။