ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ရာထူးကို ရယူဖို့ သဘောတူညီမှု ရယူထားတဲ့ နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ဟာ မန်ချက်စတာမြေဆီ ရောက်ရှိလာခဲ့ရင် အသင်းခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်ဖို့ စဉ်းစားနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကို ကိုင်တွယ်ရင်း နာမည်ရလာခဲ့တဲ့ နယ်သာလန်လူမျိုး နည်းပြ အဲရစ် တန်ဟက်ဂ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားသူ ဖြစ်ပြီး လာမယ့်ရက်ပိုင်း အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်က အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ကြောင်းကို တရားဝင် ကြေညာဖွယ် ရှိပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းရဲ့ စီနီယာ ကစားသမား အများအပြားကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ စီစဉ်နေတာကြောင့် အဲရစ် တန်ဟက်ဂ်အနေနဲ့ အသင်းကို အစအဆုံး သူ့လက်သူ့ခြေ ပြန်လည် ပြင်ဆင်ခွင့် ရဖို့ ရှိနေပါတယ်။

မန်ချက်စတာ ညနေခင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြတာဝန်ကို ရယူပြီးနောက် အသင်းရဲ့ ဖွဲ့စည်းပုံမှ စတင်ကာ အရာအားလုံးကို ပြန်လည် ပြင်ဆင်ဖို့ ဆုံးဖြတ်ထားသလို လက်ရှိ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကိုလည်း အသင်းခေါင်းဆောင်ရာထူး ကနေ ဖြုတ်ချဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

Photo Credit: Metro

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာပြီး မကြာခင်မှာပဲ အသင်းခေါင်းဆောင် ရာထူးကို ရရှိခဲ့သူ တဦး ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ ခြေစွမ်းပိုင်းက ကျဆင်းနေသလို အသင်းကိုလည်း တည်ငြိမ်အောင် ဦးဆောင်ထားနိုင်ခြင်း မရှိတာကြောင့် တန်ဟက်ဂ်က မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူး ကနေ ဖယ်ရှားဖို့ စဉ်းစားနေတာပဲ ဖြစ်ပါတယ်။

အကယ်၍ အဲရစ် တန်ဟက်ဂ်ကသာ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူး ကနေ ဖယ်ရှားခဲ့ရင် နံပါတ်တစ် ဂိုးသမား ဒီဂီယာနဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုတို့ထဲက တဦးဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာဖွယ် ရှိနေပါတယ်။