မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ ဘရန့်ဖို့ဒ်အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီး အဆင့်(၄)က ဗီလာနဲ့ (၁၁)မှတ် အဆင့်(၅)က စပါးအသင်းနဲ့ (၈)မှတ်အထိ ကွာဟသွားရပေမယ့်လည်း ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ကိုတော့ လက်မလျှော့သေးဘူးလို့ ပြောလာပြန်ပါတယ်။

ဗီလာနဲ့ စပါးတို့က နိုင်ပွဲတွေ အသီးသီး ရရှိထားချိန်မှာ ယူနိုက်တက်ကတော့ ဘရန့်ဖို့ဒ်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး နာကျင်အချိန်ပိုမှာ မေဆန်မောင့်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း မိနစ်ပိုင်းအတွင်းမှာပဲ ချေပဂိုး ပြန်လည် ခွင့်ပြုရင်း သရေတစ်မှတ်သာ ရရှိသွားခဲ့ရပါတယ်။

Photo Credit : Eurosport

တကယ်တော့ ယူနိုက်တက်ဟာ ဒီပွဲမှာ အမှတ်ပြည့်နီးပါး ဆုံးရှုံးဖို့အထိတောင် ကြုံခဲ့ရပြီး နိုင်ငံတကာ ရက်သတ္တပတ်မတိုင်ခင် လီဗာပူးလ်နဲ့ ကစားသွားတဲ့ ပွဲကလို စိတ်အားထက်သန်မှုမျိုး ခြေစွမ်းမျိုးတွေ လုံးဝမပြသနိုင်တဲ့အပြင် ပြိုင်ဘက်အသင်းရဲ့ ဂိုးကန်ချက်ပေါင်း (၃၁)ကြိမ်အထိတောင် ခွင့်ပြုပေးခဲ့ရပါသေးတယ်။

ဒီလို အခြေအနေမျိုး ကြုံနေရပေမယ့်လည်း ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ “ကျွန်တော်တို့တွေ ဆက်လက်ပြီး တိုက်ပွဲဝင်သွားပါလိမ့်မယ်။ ရှေ့ဆက်ပြီး ကစားသွားရမယ့် ပွဲစဉ်တွေလည်း ရှိနေပါသေးတယ်။ တကယ်ဆိုရင် ကျွန်တော်တို့က ဒီပွဲမှာ အနိုင်(၃)မှတ် ပိုင်ဆိုင်သင့်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ (၁)မှတ်တည်းသာ ရခဲ့တယ်။”

Photo Credit : Stretty News

“ဒီလို အခြေအနေမှာ ကျွန်တော်တို့တွေအနေနဲ့ ဘယ်လို ဖြေရှင်းသွားရမလဲ ဆိုတာကိုလည်း သိနေပါလိမ့်မယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ဒါက ကြီးမားတဲ့ အချက်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ လာမယ့် ပွဲစဉ်တွေထဲ ချယ်လ်ဆီး လီဗာပူးလ်တို့နဲ့ တောက်လျှောက် ပွဲကျပ်တွေ ရင်ဆိုင်သွားရဖို့ ရှိနေပြီး ဒီပွဲတွေမှာလည်း ဆက်လက် အမှတ်တွေ လျှော့ဦးမယ်ဆိုရင်တော့ ယူရိုပါလိဂ် ဝင်ခွင့်လောက်ကိုသာ အမြင့်ဆုံးအဖြစ် မျှော်မှန်းသွားရတော့မှာပဲ ဖြစ်ပါတယ်။