နယ်သာလန် အင်အားကြီးအသင်း ဖြစ်တဲ့ အေဂျက်အသင်းရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ် ကတော့ သူဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ထိပ်သီးအသင်းတွေကို တာဝန်ယူဖို့ အတွက် အဆင်သင့် ဖြစ်နေပါပြီလို့ ပြောကြားရင်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို မီးစိမ်းပြလိုက်ပါတယ်။

အသက် ၅၁နှစ် အရွယ် နယ်သာလန်လူမျိုး နာမည်ကြီး နည်းပြဖြစ်သူ တန်ဟက်ဂ်ဟာ ၂၀၁၇ခုနှစ်မှ စတင်ကာ အေဂျက်အသင်းကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ အေဂျက်အသင်းဟာ နယ်သာလန်ရဲ့ ပြိုင်ဘက်ကင်းအသင်း တသင်း ဖြစ်ခဲ့သလို ထိပ်တန်း လူငယ် ကစားသမားများစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါ့အပြင် တန်ဟက်ဂ်ဟာ အေဂျက်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် အထိ ပို့ဆောင်နိုင်ခဲ့ပြီး အသင်းရဲ့ အဓိက ကြယ်ပွင့် ကစားသမားတွေ ဖြစ်ခဲ့တဲ့ ဒီလစ် ၊ ဒီဂျောင် ၊ ဗန်ဒီဘိခ် ၊ ဇီရက်ဇ် ၊ ဆာဂျီနို ဒက်စ် စတဲ့ ကစားသမားတွေကို ရောင်းထုတ်ခဲ့ရသည့်တိုင် ယခုနှစ် ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး အသင်း၃သင်းထဲက တသင်း ဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဂျာမန်လူမျိုး နာမည်ကြီးပုဂ္ဂိုလ် ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ပြီးနောက် အသင်းကို ရေရှည် ကိုင်တွယ်နိုင်မယ့် ထိပ်တန်းနည်းပြ တဦးကို ရှာဖွေနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေတာ ဖြစ်ပြီး တန်ဟက်ဂ်ကလည်း သူဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အေဂျက်အသင်းကို စွန့်ခွာကာ ထိပ်တန်းအသင်း တသင်းကို ကိုင်တွယ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း တရားဝင် ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Mirror

တန်ဟက်ဂ်က – “ကျွန်တော်က နိုင်ငံရပ်ခြားကို ထွက်ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ပြီးတော့ ကျွန်တော်က ဖိအားများတဲ့ အလုပ်တွေကို လုပ်ကိုင်ဖို့လည်း အဆင်သင့်ပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ အလုပ်သစ်ကို လိုက်ရှာနေမှာ မဟုတ်ပါဘူး။ တကယ်လို့ နိုင်ငံရပ်ခြားက ထိပ်တန်းအသင်း တသင်းကို ကိုင်တွယ်ခွင့် မရခဲ့ရင်လည်း ကျွန်တော့်ရဲ့ နည်းပြဘဝက မအောင်မြင်ခဲ့ဘူးလို့ ထင်စရာတော့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်မှာ ထိပ်တန်းအသင်း တသင်းကို ကိုင်တွယ်ဖို့ အရည်အချင်း အပြည့် ရှိတယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ပြောကြားကာ မန်ချက်စတာ ယူနိုက်တက်အသင်းကို မီးစိမ်းပြသွားခဲ့ပါတယ်။