ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၂ နယူးကာဆယ် ပွဲအပြီးမှာ သူတို့အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီ ပြိုင်ပွဲအရပ်ရပ်မှာ ရလဒ်တွေ ဆိုးဝါးခဲ့ပေမယ့် အက်ဖ်အေဖလားပြိုင်ပွဲမှာတော့ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူနိုင်ခဲ့တာကြောင့် ၂နှစ်ဆက် အဖြစ် အက်ဖ်အေဖလားရဲ့ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဗိုလ်လုပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ သူတို့အသင်းကို အနိုင်ယူကာ အက်ဖ်အေဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံခဲ့တဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ထပ်မံ တွေ့ဆုံနေခဲ့ပြီး ယူနိုက်တက်ကသာ စီးတီးကို အနိုင်ယူကာ ချန်ပီယံ ဖြစ်လာမယ် ဆိုရင် ပြီးခဲ့တဲ့နှစ်ရဲ့ ရှုံးကြွေးကို ပြန်ဆပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဒါပေမယ့် လက်ရှိခြေစွမ်းပိုင်းအရ မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ စီးတီးကို ယှဉ်ကစားနိုင်ဖို့ ခက်ခဲနေပြီး တန်ဟက်ဂ်ကတော့ သူတို့အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေဟာ အက်ဖ်အေဖလားကို အိုးထရက်ဖို့ဒ်ဆီ သယ်လာနိုင်အောင် အစွမ်းကုန် ပေးဆပ် ကစားသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Goal

တန်ဟက်ဂ်က – “ကျွန်တော်တို့ရဲ့ ဘောလုံးရာသီက မပြီးဆုံးသေးပါဘူး။ ကစားသမားတွေက အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ရအောင်နဲ့ အက်ဖ်အေဖလားကို အိုးထရက်ဖို့ဒ်ဆီ ပြန်သယ်လာနိုင်အောင် အရာအားလုံး ပေးဆပ် ကစားသွားလိမ့်မယ် ဆိုတာ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို ရဲရဲကြီး ကတိပေးရဲပါတယ်” လို့ ပြောကြားရင်း ပရိသတ်တွေကို ကတိပေးသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို မေလ ၂၅ရက်နေ့မှာ (စနေနေ့) အင်္ဂလန်နိုင်ငံရဲ့ အထင်ကရ ဝင်ဘလေကွင်းထဲမှာ ကျင်းပဖို့ စီစဉ်ထားပြီး ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေလို့ ဆိုရမယ့် မာတီနက်ဇ် ၊ ဗာရန်း ၊ မက်ဂွိုင်းယား ၊ မေဆန်မောင့် ၊ ရက်ရှ်ဖို့ဒ် စတဲ့ ကစားသမားတွေက ဒဏ်ရာပြဿနာတွေကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အဓိက ကစားသမား အစုံအလင် ပါဝင်လာမယ့် ယူနိုက်တက်ရဲ့ လူစာရင်းကို ပြန်မြင်ရနိုင်ပါတယ်။