မနေ့ညက မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ယူနိုက်တက်ဘက်က ခံစစ်ပိုင်း ဒဏ်ရာပြသာနာတွေကြောင့် မက်ဂွိုင်းယားနဲ့ လူငယ် ခံစစ်ကစားသမားလေး ကမ်ဘွာလာတို့ကို တွဲဖက် အသုံးပြုလာခဲ့ရပါတယ်။

သိပ်စိတ်မချရတဲ့ ဗဟိုခံစစ် အတွဲအဖက်ကို အသုံးပြုလာခဲ့ပေမယ့် မက်ဂွိုင်းယားရော ကမ်ဘွာလာပါ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့သလို စီနီယာအသင်းကြီးနဲ့ ပွဲအနည်းငယ်သာ ကစားထားရသေးတဲ့ ကမ်ဘွာလာကလည်း လီဗာပူးလ်တိုက်စစ်ကို သတ္တိရှိရှိ ရင်ဆိုင်ကစားသွားခဲ့ပါတယ်။

Photo Credit : The Peoples Person

အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကွန်ဂိုဖွား ဝီလီ ကမ်ဘွာလာဟာ ယူနိုက်တက် လူငယ်အသင်းဆီကို ၂၀၂၀ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး ဒီရာသီမှသာ ယူနိုက်တက်အသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ ကမ်ဘွာလာဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း (၆)ပွဲအထိတောင် ကစားထားနိုင်ခဲ့ပြီဖြစ်ပြီး အခု လီဗာပူးလ်နဲ့ ပွဲစဉ်မှာလည်း အသင်းခေါင်းဆောင်ဟောင်း မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ ခံစစ်အရည်အသွေးကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit : Evening Standard

လီဗာပူးလ်နဲ့ပွဲက ကမ်ဘွာလာရဲ့ ခြေစမ်းတွေနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “သူ့အတွက် အရမ်းကောင်းတဲ့ အခွင့်အရေးဖြစ်ပြီး ကက်စီမဲရိုးကို ဗဟိုခံစစ်နေရာအထိ ရွေးချယ် အသုံးပြုသလိုမျိုး ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့သလိုတောင် ထင်ရပါတယ်။”

“နောက်ပြီး သူက ဒီနေ့မှာ ပွဲကစားခွင့်နဲ့ ထိုက်တန်မှုရှိကြောင်းကိုပါ ကွင်းအတွင်းမှာပဲ ပြသသွားနိုင်ခဲ့ပါတယ်။ သူက ကျွန်တော်တို့နဲ့ လေ့ကျင့်မှုတွေ အချိန်အတော်ကြာအောင် လုပ်ဆောင်လျက် ရှိနေပြီး အတော်လေးလည်း တိုးတက်လာခဲ့ပါတယ်။ အသင်းက မျိုးဆက်သစ် ကစားသမားလေးတွေလည်း သူ့လိုပဲ အခွင့်အရေးတွေ ရလာရင် အမိအရ ဆုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ သူကတော့ စိန်ခေါ်မှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေနိုင်ပါတယ်။” လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။