ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ အသင်းလိုက် ကစားအားကြောင့်သာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာပါလို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၄) အဖြစ် ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်ဇ်ရဲ့ တလုံးထဲသော အဖိုးတန် အနိုင်ဂိုးနဲ့အတူ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ ဆောက်သမ်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ခြေစွမ်းတွေက များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က ပိုကောင်းတဲ့ အသင်းလိုက် ကစားဟန် ၊ ပိုမို ကျစ်လျစ်တဲ့ ခံစစ် ကစားပုံတွေကြောင့် အဖိုးတန် ရမှတ် ၃မှတ်ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ ကစားသမားတွေ အားလုံးကို ချီးကျူးသွားခဲ့ပြီး အသင်းလိုက် ကစားအားကြောင့်သာ ဆောက်သမ်တန်ကို နိုင်ခဲ့တာပါလို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

တန်ဟက်ဂ်က – “ကျွန်တော်တို့အသင်းဟာ ဒီနေ့ပွဲမှာ အသင်းလိုက် ခံစစ်ကစားပုံကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဲ့ဒီလိုမျိုး လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ဒီနေ့မှာ ကျွန်တော်က တိုးတက်မှုတွေကို မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ခံစစ်မှူး ၄ဦးကလည်း ဒီဂီယာနဲ့ အတော်လေးကို အတွဲညီနေပါတယ်။ ပြီးတော့ သူတို့ရဲ့ အရှေ့မှာ ရှိနေတဲ့ တော်မီနေးနဲ့ အဲရစ်ဆင်တို့ရဲ့ အတွဲကလည်း တကယ်ကို ကောင်းခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ အသင်းလိုက် ကစားဟန်နဲ့ စွမ်းဆောင်ရည်ကောင်းတွေကို မြင်တွေ့ခဲ့ရပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။