ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၂ လိဒ်ယူနိုက်တက် ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုကို မှော်ဆန်တဲ့ ကစားသမားလို့ ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

နှင်းဆီဒါဘီ အဖြစ် လူသိများတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ ဒါဘီပွဲကို မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ပွဲပယ်ခံထားရတဲ့ ကတ်စ်မဲရိုးနဲ့ နေမကောင်းတဲ့ အန်တိုနီတို့ကလွဲရင် အဓိက ကစားသမား အစုံအလင်ကို ပွဲထွက် လူစာရင်းထဲမှာ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။

Photo Credit: Express

ဒါပေမယ့် ဧည့်သည် လိဒ်ယူနိုက်တက်က ပထမပိုင်း ပွဲကစားချိန် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ထက် ကစားပုံ ပိုကောင်းခဲ့သလို ပွဲချိန် ၁မိနစ်နဲ့ ပွဲချိန် ၄၈မိနစ်တို့မှာ ၂ဂိုး ဆက်တိုက် သွင်းယူကာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။

၀-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေတဲ့နောက် တန်ဟက်ဂ်က ဆန်ချိုနဲ့ ပယ်လစ္စထရီတို့ နှစ်ဦးကို ဗက်ဟော့စ်နဲ့ ဂါနာချိုတို့ရဲ့ နေရာကို ထည့်သွင်းကာ ကစားပုံ ပြောင်းလဲခဲ့ပြီး တန်ဟက်ဂ်ရဲ့ ကစားပုံ အပြောင်းအလဲဟာ အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် ၆၂မိနစ်နဲ့ ၇၁မိနစ်တို့မှာ ရက်ဖို့ဒ်နဲ့ ဆန်ချိုက မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် ချေပဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Express

ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က လိဒ်ယူနိုက်တက်ကို အနိုင်မရခဲ့လို့ ဒေါသထွက်မိပေမယ့် သူ့ရဲ့ နည်းစနစ် ပြောင်းလဲမှု အလုပ်ဖြစ်ခဲ့တာနဲ့ ဆန်ချို တယောက် သွင်းဂိုး ပြန်သွင်းနိုင်ခဲ့မှု အတွက် ကျေနပ်မိကြောင်း ပြောကြားလာပါတယ်။

တန်ဟက်ဂ်က – “ဆန်ချိုကို ထည့်ကစားခဲ့တာက ကစားကွက် အပြောင်းအလဲ လုပ်ချင်လို့ပါ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ မူလ ကစားပုံက အလုပ်မဖြစ်နေပါဘူး။ ကံကောင်းစွာနဲ့ပဲ ကျွန်တော့်ရဲ့ ကစားကွက် ပြောင်းလဲမှုက အလုပ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့လည်း ချေပဂိုး ၂ဂိုး ရခဲ့ပါတယ်။ ကျွန်တော်တို့က ဆန်ချိုအတွက်လည်း အတော်လေး ပျော်ရပါတယ်။ ဆန်ချိုက သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပြန်ရအောင် ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျွန်တော်တို့က သူဟာ မှော်ဆန်တဲ့ ကစားသမား ဆိုတာ သိထားကြပါတယ်။ ကျွန်တော်ကတော့ သူဟာ ကျွန်တော်တို့အသင်း အတွက် အားကိုးရမယ့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ တွေးထားပါတယ်။ ဒါပေမယ့် သူက အလုပ်ကြိုးစားဖို့တော့ လိုပါသေးတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။