ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘန်လေ ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ မိနစ် ၈၀လောက် ဝင်ကစားပေးခဲ့တဲ့ ဘယ်နောက်ခံလူ ရယ်ဂီလွန်ဟာ ဖျားနေရက်နဲ့ အသင်းအတွက် အားတင်းကာ ကစားပေးခဲ့တာ ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက် ရင်ဆိုင်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် ဘန်လေကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဒဏ်ရာရ ကစားသမား များပြားနေမှုကြောင့် အရန် ကစားသမားတွေ ဖြစ်တဲ့ အီဗန် ၊ တော်မီနေးနဲ့ ဟန်နီဘယ်တို့ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်း ကစားခဲ့ရပါတယ်။

Photo Credit: Sky Sports

တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ အိမ်ရှင် ဘန်လေကတော့ အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ ယူနိုက်တက်ကို ရင်ဆိုင် ကစားခဲ့ပြီး ပွဲအစပိုင်းမှာ ဘန်လေက ယူနိုက်တက်ကို အနည်းငယ် ဖိအားပေးနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ယူနိုက်တက်ကသာ ပွဲကို စိုးမိုးလာနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ နှစ်သင်းကြား ခြေစွမ်းပိုင်း များစွာ ကွာဟခဲ့ခြင်း မရှိပေမယ့် မန်ချက်စတာ ယူနိုက်တက်က အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်ရဲ့ လှပသေသပ်တဲ့ မြေမကျကန်ချက်ကြောင့် အနိုင်ရလဒ်ကို ရရှိခဲ့တာ ဖြစ်ပြီး ဖာနန်ဒက်က ပွဲချိန် ၄၅မိနစ်မှာ ဂျွန်နီ အီဗန်ရဲ့ ပေးပို့မှုကို လှလှပပ ကန်သွင်းကာ အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာပါ။

Photo Credit: Sky Sports

ဘန်လေ ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ပွဲချိန် ၇၉မိနစ်မှာ လူစားလဲခံခဲ့ရတဲ့ ရယ်ဂီလွန်ဟာ ဖျားနေတာတောင် အသင်းအတွက် တိုက်ပွဲဝင်ပေးခဲ့တာ ဖြစ်ကြောင်း ရှင်းပြပြီး ရယ်ဂီလွန်ကို ချီးကျူးသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ရယ်ဂီလွန်ဟာ ဖျားနေခဲ့တာပါ။ ဒါပေမယ့် သူက အသင်းအတွက် ကစားပေးချင်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အသင်းချစ်စိတ်ကို ပြသနေပါတယ်။ သူက ပွဲကစားဖို့ စိတ်အားထက်သန်ခဲ့သလို နိုင်ပွဲရအောင် ကူညီနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။