ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ အသေးစား ဒဏ်ရာ ရသွားတာတောင် အသင်းအတွက် ပွဲချိန်ပြည့်နီးပါး ပါဝင် ကစားပေးခဲ့သလို အနိုင်ဂိုးပါ သွင်းပေးခဲ့တဲ့ အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ထိပ်တန်းအဆင့် တိုက်စစ်မှူး တဦး ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၀) အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို ဧည့်ခံကစားခဲ့ရပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲဟာ အတော်လေးကို အကြိတ်အနယ် ရှိကာ ကြည့်ကောင်းခဲ့သလို နည်းပြနှစ်ဦးရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: The Sun

မန်ချက်စတာဒါဘီမှာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ပုံမှန် အသုံးပြုနေကြ ၄-၃-၃ ကစားကွက်အစား ၄-၄-၂ ကစားကွက်ကို ပြောင်းလဲ သုံးစွဲခဲ့သလို ဗဟိုခံစစ်နေရာမှာလည်း မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ်နဲ့ မာတီနက်ဇ်တို့ကို ကျော်ကာ လုခ်ရှောကို နေရာပေး အသုံးပြုခဲ့ပြီး တဖက် မန်ချက်စတာ စီးတီးကတော့ ပုံမှန် ကစားနေကြ ၄-၃-၃ ပုံစံနဲ့သာ ပွဲထွက်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကစားကွက် ပြောင်းလဲကာ ကစားခဲ့တာကြောင့် မန်ချက်စတာ စီးတီးရဲ့ ကစားဟန်ကို ယှဉ်ကစားနိုင်ပါ့မလား ဆိုတဲံ မေးခွန်းထုတ်မှု တချို့ ရှိခဲ့ပေမယ့် တကယ်တမ်း ယှဉ်ပြိုင် ကစားကြရာမှာတော့ ကစားကွက် ပြောင်းလဲထားတဲ့ မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ စီးတီးကို ခြေစွမ်းအသာနဲ့ ကစားသွားနိုင်ခဲ့ပြီး ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ်က မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကို လူကပ် ကစားနိုင်ခဲ့တာကြောင့် ဒီဘရိုင်း တယောက် လှုပ်မရ ၊ ပြုမရ ဖြစ်ကာ ကူကယ်ရာမဲ့သွားခဲ့ပါတယ်။

Photo Credit: The Sun

ဒီဘရိုင်း တယောက် ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်နေရချိန်မှာပဲ မန်ချက်စတာ ယူနိုက်တက်က ပွဲကို စိုးမိုးသွားနိုင်ခဲ့ပြီး မန်ချက်စတာ စီးတီးက ဂရီးလစ်ရှ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က ၄မိနစ် အတွင်း သွင်းယူနိုင်ခဲ့တဲ့ ဘရူနိုနဲ့ ရက်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အဖိုးတန် ရမှတ် ၃မှတ်ကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ပထမပိုင်းမှာ မန်ချက်စတာ စီးတီး နောက်ခံလူတွေနဲ့ ထိခိုက်မိရင်း အသေးစားဒဏ်ရာ ရထားသည့်တိုင် အသင်းအတွက် ပွဲချိန်ပြည့်နီးပါး ကစားပေးခဲ့သလို အနိုင်ဂိုးပါ သွင်းယူပေးခဲ့တဲ့ ရက်ဖို့ဒ်ကို အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။ တန်ဟက်ဂ်က – “ကစားသမားတွေက ဒူပေနာပေ ရှိဖို့ လိုအပ်ပါတယ်။ တခါတလေ ခင်ဗျားက ပွဲထဲမှာ တဖက် ကစားသမားတွေရဲ့ ကန်ကျောက်တာကို ခံရနိုင်သလို အဲ့ဒီလို အကန်ခံရတဲ့ အခါ နာကျင်မှုကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် ခင်ဗျားက နာကျင်မှုကို သည်းခံပြီး ပွဲကို ဆက်ကစားရပါမယ်။ နာကျင်မှုနဲ့ပဲ မှန်ကန်တဲ့ ရလဒ်တွေ ၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ရအောင် ကြိုးစား ကစားရပါမယ်။ နာကျင်မှုတွေကို ခံစားနေရတာတောင် အသင်းအတွက် ပေးဆပ် ကစားနိုင်ရပါမယ်။ ရက်ဖို့ဒ်က ဒီနေ့ပွဲမှာ ကျွန်တော် ပြောသွားတဲ့ အချက်တွေကို လုပ်ပြသွားခဲ့တာပါ။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် သူက သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဒါက အသင်းအတွက် လက်ဆောင်တခုလည်း ဖြစ်ခဲ့ပါတယ်။ ထိပ်တန်းအဆင့် ဘောလုံးပွဲတွေမှာ ခင်ဗျားက မှန်ကန်တဲ့ ရလဒ်နဲ့ ဆုဖလားတွေကို လိုချင်ရင် နာကျင်မှုတွေကို ခံနိုင်ရည် ရှိရမယ် ပေးဆပ်မှုတွေ ရှိရပါမယ်” လို့ ရက်ဖို့ဒ်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။