ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲမှာ အသင်းအတွက် ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားရင်း ခြေစွမ်းကောင်းတွေ ပြသထားတဲ့ လူငယ်ကြယ်ပွင့် ဟန်နီဘယ်ဟာ အသင်းနဲ့ မြန်မြန်ဆန်ဆန် အသားကျသွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း ပြောကြားရင်း ဟန်နီဘယ်ကို ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၀အရွယ်သာ ရှိသေးတဲ့ တူနီးရှား လက်ရွေးစင် လူငယ်ကြယ်ပွင့် ဟန်နီဘယ်က ၂၀၁၉ခုနှစ်မှာ မိုနာကို ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ထိုအချိန်က မန်ချက်စတာ ယူနိုက်တက်ဟာ အသက် ၁၆နှစ်သာ ရှိသေးတဲ့ ဟန်နီဘယ် အတွက် မိုနာကိုထံ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Standard

ဟန်နီဘယ်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ လူငယ်အသင်းတွေမှာသာ ပါဝင် ကစားခဲ့ရပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ၂၀၂၀ခုနှစ်မှာ အသင်းကြီး အတွက် စတင် ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဟန်နီဘယ်က ယူနိုက်တက်မှာ ဆက်နေရင် ပွဲကစားချိန် ရဖို့ မလွယ်ကူတာကြောင့် ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ကနေ ဘာမင်ဂမ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ပြီး သူက ဘာမင်ဂမ်မှာ ၄၁ပွဲ အထိ ပါဝင် ကစားခွင့် ရခဲ့သလို သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဘာမင်ဂမ်မှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ တန်ဟက်ဂ်က ဟန်နီဘယ်ကို ဒီရာသီမှာ အငှား ထွက်ကစားခိုင်းခြင်း မလုပ်တော့ပဲ အသင်းမှာသာ ဆက်ထားကာ လိုအပ်ရင် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကာ ပြီးခဲ့တဲ့ တပတ်မှာ ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲမှာတော့ ဟန်နီဘယ်က ပထမဦးဆုံးအကြိမ် အဖြစ် ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့် ရခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်အတွက် လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ တန်ဟက်ဂ်က ဟန်နီဘယ်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။ တန်ဟက်ဂ်က – “ဟန်နီဘယ် တယောက် မြန်မြန်ဆန်ဆန် အသင်းနဲ့ အသားကျသွားလိမ့်မယ်လို့ မထင်ခဲ့ရိုး အမှန်ပါ။ ကျွန်တော် ဒီအသင်းဆီ မရောက်ခင်ကတည်းက ဟန်နီဘယ်ဟာ အသင်းကြီး ရောက်နေခဲ့သလို ပွဲဦးထွက်ပွဲလည်း ကစားခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ရာသီမှာတော့ သူက အငှားနဲ့ ထွက်ကစားခဲ့ပြီး အငှားနဲ့ ထွက်ကစားခဲ့တာကြောင့် သူက တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် သူက ပွဲကစားခွင့်နဲ့ ထိုက်တန်တယ်လို့ ယူဆပြီး ကစားခွင့် ပေးခဲ့တာပါ။ အခုတော့ သူက ရလာတဲ့ အခွင့်အရေးကို အမိအရ အသုံးချထားနိုင်ပါတယ်” လို့ ချီးကျူးသွားခဲ့တာပါ။